စီပွားရေး လုပ်ငန်း၊ ကျင့်ဝတ် နှင့် ခေတ်သစ် ကမ္ဘာ – အပိုင်း(၁) (Business, Ethics and the Modern World – Part I)
Posted by : Unknown
Saturday, 27 October 2012
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် က လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး
စီမံကိန်း နဲ့ ဆက်စပ်ပြီး ခုဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲသတင်းတွေ
ဆက်တိုက်ကြားရတော့ ကျောင်းတုန်းက လုပ်ခဲ့ရတဲ့ စဉ်ဆက်မပြတ် ရေရှည်
ဖွံ့ဖြိုးတိုးတက်ရေး ဘာသာရပ် နဲ့ ပတ်သက်တဲ့ စာတမ်းရေးရတာတွေ၊
ဆွေးနွေးပွဲတွေ၊ လေ့လာခဲ့ရတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို သတိရမိတယ်။
အဲ့အထဲက ခေါင်းထဲတမ်းရောက်လာတဲ့ အကြောင်းအရာတခုကတော့ အိန္ဒိယ သဘာဝ ဓာတ်သတ္တု
ရှာဖွေ၊ တူးဖော်၊ ရောင်းချနေတဲ့ မိုင်းကုမ္ပဏီ တခု အိန္ဒိယနိုင်ငံ
ပြည်နယ်တခုမှာ မိုင်းတွင်း လုပ်ငန်းလုပ်ဆောင်ဖို့ စီစဉ်ရာမှာ ကြုံတွေရတဲ့
ကန့်ကွက်မှု၊ ဝေဖန်ခံရမှု အကြောင်းတွေပါပဲ။
အဲဒီ မိုင်းကုမ္ပဏီ လုပ်ငန်းလုပ်ဖို့ စီစဉ်တဲ့ ဒေသက
ဒေသခံ ဌာနေတိုင်းရင်းသား တွေဟာ တောင်ကို ကာကွယ်တဲ့ သဘောနဲ့ တတောင်လုံး
ပတ်လည် ဝိုင်းပြီး လူချိန်းကြိုးသဏ္ဍာန် လက်ချင်းတွဲလျက် စီတန်း ရပ်၊
ကန့်ကွက် ဆန္ဒပြကြတဲ့ ဓာတ်ပုံ ဆိုရင် မျက်စိထဲမှာ ခုအထိ မြင်ယောင်နေတယ်။
အဓိက ကန့်ကွက်ကြတာကတော့ ဗမာပြည် အပါအဝင် ကမ္ဘာအနှံ့က ဖွံ့ဖြိုးဆဲ
တိုင်းပြည်တွေရဲ့ ခေတ်သစ် စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ဒေသခံ တွေရဲ့ မိရိုးဖလာ
အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်မှု၊ ရိုးရာ ထုံးတမ်း စဉ်လာ
ယဉ်ကျေးမှုတွေကို ထိခိုက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မြေသိမ်းခံရမှု နဲ့
သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးလို့ ဂေဟ စနစ် ပျက်ယွင်းလာမှု တွေကို
ကာကွယ်ဖို့ ပြောဆိုထောက်ပြ၊ ဆန့်ကျင် ကန့်ကွက်ကြတာပါပဲ။
အဲဒီ မိုင်းကုမ္ပဏီ က နိုင်ငံတကာ မှာလည်း ဓာတ်သတ္တု ရှာဖွေ၊ တူးဖော်မှုတွေ
လုပ်သလို နိုင်ငံပေါင်းစုံက လုပ်ငန်းရှင်ကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့
ပိုင်ဆိုင်မှုရှယ်ယာတွေလည်း ရှိတယ်။ သူတို့ရဲ့ လုပ်ငန်းတွေမှာ အထက်မှာ
ဆိုခဲ့သလို အငြင်းပွားဖွယ်ရာ အဖြစ်အပျက်နဲ့ အကြောင်းအရာတွေ ရှိတော့
နိုင်ငံတကာ နဲ့ ဒေသတွင်းက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ နဲ့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေ ရဲ့ ဝေဖန်ပြစ်တင် ဖိအားပေးမှုတွေ
ကြုံလာရတယ်။ တချို့ လူ့အခွင့်အရေး ကို အပြည့်အဝ လိုက်နာဖို့ ဦးထိပ်ထားတဲ့
ရင်းနှီးမြှုပ်သူ လုပ်ငန်းရှင်၊ အဖွဲ့အစည်းတွေက သူတို့ရဲ့
ရင်းနှီးမြှုပ်နှံငွေ၊ အစုရှယ်ယာ ပြန်ထုတ်သွားတာတွေ ရှိခဲ့တယ်။ ထင်ရှားတဲ့
ထဲကဆိုရင် အင်္ဂလန် က ဘာသာရေးအခြေပြု အဖွဲ့အစည်းတခု ဖြစ်တဲ့ The Church of
England က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဲဒီ ကုမ္ပဏီ မှာ
ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဗမာပြည်အတွက် နားလည်လွယ်တဲ့
စကားနဲ့ဆိုရရင် အဲဒီ ကုမ္ပဏီ နဲ့ စီးပွားရေးအရ မဆက်ဆံတော့ဖို့ ဆုံးဖြတ်တဲ့
ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်တဲ့ စီးပွားရေး ပိတ်ဆို့မှု တမျိုးလို့
ဆိုနိုင်ပါတယ်။
လူသိများတဲ့ စီးပွားရေး ပိတ်ဆို့မှု သဘောက အုပ်စိုးသူ အစိုးရ ကို ပစ်မှတ်ထား
ဒဏ်ခတ်ချင်လို့ တနိုင်ငံလုံး အတိုင်းအတာ နဲ့ အရေးယူ ဆောင်ရွက်လေ့ရှိတဲ့
ပုံစံပါ။ လူ့တဦးချင်း နဲ့ လူနည်းစု လူမျိုးစု တွေရဲ့ အခွင့်အရေး နဲ့
ရပိုင်ခွင့်ကို လေးစားလိုက်နာမှုမရှိဘဲ ကိုယ့်တိုင်းသူပြည်သားအပေါ် လူလိုထား
မဆက်ဆံတဲ့ ဖိနှိပ်မှု ပြင်းထန်တဲ့ အစိုးရမျိုးတွေ အုပ်ချုပ်တဲ့
တိုင်းပြည်မျိုးကို ဖိနှိပ်မှုတွေ လျော့စေဖို့ နိုင်ငံတကာက
ဝိုင်းဝန်းဖိအားပေးတဲ့ အနေနဲ့ စီးပွားရေး အရ မဆက်ဆံဖို့၊
ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ အရေးယူ အပြစ်ပေး ဒဏ်ခတ်လေ့ရှိကြတယ်။ ဒီသဘောဟာ
တဘက်ကကြည့်ရင် နိုင်ငံရေး သဘောဆောင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်
တကယ့် စီးပွားရေး ပိတ်ဆို့မှု ရဲ့ အတွင်း အနှစ်သာရ က ဒီထက်ပိုပါတယ်။
လွယ်လွယ် နဲ့ ရှင်းအောင် ဆိုရရင် “မသူတော် နဲ့ ပေါင်း စီးပွားမရှာဘူး” ဆို
တဲ့ သဘောပါ။ ကျင့်ဝတ်သီလမဲ့ လုပ်ရပ်တွေကို အခြေပြုပြီး ရလာတဲ့
အကျိုးအမြတ်ကို မယူဘူး၊ မလိုချင်ဘူး၊ သမ္မာ အာဇီဝ စစ်စစ် ဖြစ်တဲ့
စီးပွားရှာမှုမျိုးပဲ လုပ်မယ်ဆိုတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ
လေးစားလိုက်နာမှု၊ ခံယူချက်၊ စောင့်ထိန်းချက် မျိုးကြောင့် ဖြစ်ပေါ်လာတဲ့
အရေးယူဆောင်ရွက်မှု ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောကို ဘယ်နိုင်ငံ၊
ဘယ်အဖွဲ့အစည်းမှ အပြည့်အဝ လိုက်နာကျင့်သုံးတယ်ဆိုတာ ကမ္ဘာမှာ မရှိပါဘူး။
အကြောင်းက နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ မိမိအကျိုးစီးပွား ကို
ရှေ့တန်းတင် အဓိက စဉ်းစာပြီး လမ်းစဉ်တွေ၊ မူဝါဒ တွေ ချမှတ်လေ့ရှိလို့ပါပဲ။
ဒါ့အပြင် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံရေး အခြေအနေ၊ ကမ္ဘာ့နိုင်ငံရေး၊
ပထဝီ နိုင်ငံရေး စတာတွေနဲ့လည်း သက်ဆိုင်လေ့ ရှိပါတယ်။
ကမ္ဘာ့ အထင်ကရ ဒီမိုကရေစီ တိုင်းပြည်ကြီးဖြစ်တဲ့ အမေရိကန်ဟာ သူတို့
အကျိုးစီးပွားအတွက် ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေး အချိုးဖောက်ဆုံး
အစိုးရတွေကို အကာအကွယ်ပေး၊ ထောက်ပံ့၊ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှုတွေ
လုပ်ခဲ့ရပါတယ်။ အရင် စစ်အေးခေတ် ကာလတုန်းကဆိုရင် နိုင်ငံရေး လိုအပ်ချက်
အကျိုးရလဒ် အတွက် ကွန်မြူနစ် ဆန်ကျင့်ရေး အာဏာရှင်တွေကို ကမ္ဘာ့အနှံ့က
ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အာဏာမြဲ တည်တံ့အောင် ဆောင်ရွက်ပေးခဲ့တာပါပဲ။
စစ်အေးခေတ်ကုန်ဆုံးတဲ့ အချိန်မှာ အမေရိကန် အပါအဝင် အနောက် ဒီမိုကရေစီ
အုပ်စုရဲ့ နိုင်ငံခြားရေး နဲ့ စီးပွားရေး မူဝါဒတွေဟာ လူ့အခွင့်အရေးကို
ပိုမိုအလေးပေး စဉ်းစားလာကြပေမယ့် ဦးစားပေး နံပါတ်တစ်အနေနဲ့ ရှိနေမြဲကတော့
မိမိအကျိုးစီးပွားကို အဓိက အခြေပြု မူဝါဒဖော်ဆောင်ခြင်းပါပဲ။
ဒါပေမယ့် ဒီမိုကရေစနစ်ရဲ့ ကောင်းမွန်တဲ့ သဘောအရ ပြည်သူ့သဘော ဆန္ဒ က
နိုင်ငံမူဝါဒတွေမှာ အနည်းနဲ့ အများဆိုသလို အရေးပါ၊ အရာရောက်နေတဲ့အတွက်
သူတို့ တိုင်းပြည်တွေက ပြည်သူလူထု နဲ့ လူ့မှု အဖွဲ့အစည်းတွေရဲ့ ကမ္ဘာ့ရေးရာ
အဖြစ်အပျက်၊ အကြောင်းအရာ ကိစ္စအဝဝကို မျက်ခြေမပြတ်မှု အနည်းအများ
အပေါ်မူတည်ပြီး သူတို့ အစိုးရ တွေ၊ သူတို့ နိုင်ငံက ကုမ္ပဏီကြီးတွေ
နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံနေတဲ့ နိုင်ငံတကာက တိုင်းပြည်တွေမှာ
ဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့မှုတွေ၊ လူ့အခွင့်အရေး
ချိုးဖောက်မှု နဲ့ သဘာဝပတ်ဝန်းကျင့် ညစ်ညမ်းစေမှုတွေကို ဝေဖန်၊ ထောက်ပြ၊
ကန့်ကွက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ တောင်းဆိုကြရင် နိုင်ငံ့ နဲ့
ပုဂ္ဂလိက အဖွဲ့အစည်း အကျိုးစီးပွားထက် လူ့အခွင့်အရေးဘက်၊ ဒါမှမဟုတ်
သဘာဝပတ်ဝန်းကျင့်ကာကွယ်ရေးရှုထောင့်ဘက်ကို အခြေပြုပြီး စဉ်းစားဆောင်ရွက်မှု၊
မူဝါဒ ချမှတ်မှု၊ ဥပဒေပြုမှု တွေကို မဖြစ်မနေ လုပ်ရတတ်တာတွေလည်း ရှိပါတယ်။
ဒီသဘောဟာ တိုင်းပြည် အနာဂတ် ရေနံအတွက် ကမ္ဘာပတ် စစ် ဖြစ်ရတာမျိုးတွေကို
မကာကွယ် မတားဆီးနိုင်ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် အခြား
ကျင့်ဝတ်မဲ့ လုပ်ရပ်တွေကို နိုင်ငံရေး နဲ့ အမျိုးသား အကျိုးစီးပွားအလိုအရ
လုံးဝ မျက်စိမှိတ်၊ နားပိတ်၊ မျက်ကွယ်ပြုပြီး အာဏာရှင်တွေ တည်မြဲအောင်
လုပ်ပေးနေရတဲ့ စစ်အေးခေတ်ထက်တော့ လူ့အခွင့်အရေး နဲ့ ကျင့်ဝတ် ရှုထောင့် က
ကြည့်ရင် နည်းနည်း ပိုကောင်းလာတယ်လို့တော့ ဆိုချင်ရင် ရပါတယ်။
အထက်မှာ ဆိုခဲ့တဲ့ “မသူတော် နဲ့ စီးပွားပေါင်း မလုပ်ဘူး” ဆိုတဲ့
ကျင့်ဝတ်သဘော မူဝါဒကို ထိခိုက်စေတဲ့ နောက်တချက်ဖြစ်တဲ့ ပထဝီ နိုင်ငံရေး ကို
ဥပမာပြရရင် အရင်ခေတ် ဗမာ စစ်အစိုးရ နဲ့ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီ
တိုင်းပြည်ကြီး တခုဖြစ်တဲ့ အိန္ဒိယ တို့ရဲ့ ဆက်ဆံရေး ကို ပြရပါမယ်။ အိန္ဒိယ
အစိုးရဟာ ကနဦးမှာ စစ်အစိုးရ နဲ့ နိုင်ငံရေး၊ စီးပွားရေး လုံးဝ မဆက်ဆံဘဲ
ဗမာပြည် ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံပေးခဲ့တယ်။ ဒါပေမယ့် ပထဝီ
နိုင်ငံရေး အရ ဗမာ စစ်အစိုးရနဲ့ ပိုမိုနီးစပ်ပြီး ဒေသတွင်းမှာ လူတွင်ကျယ်
ဖြစ်နေတဲ့ တရုတ် နိုင်ငံရဲ့ သြဇာ အာဏာ ကို ထိန်းညှိလိုမှုကြောင့်
နောက်ပိုင်းမှာ အိန္ဒိယ အစိုးရဟာ ဗမာပြည်နဲ့ သက်ဆိုင်တဲ့ နိုင်ငံခြားရေး
မူဝါဒ ကို ပြောင်းလဲခဲ့ရတယ်။ အမျိုးသား အကျိုးစီးပွားကြောင့် ကိုယ်ကျိုး
ငဲ့ပြီး မဖြစ်မနေ ပြောင်းလဲလိုက်ရတဲ့ မူဝါဒလို့လည်း ဆိုနိုင်ပါတယ်။ တရုတ်
ရဲ့ ဒေသတွင်းနဲ့ ကမ္ဘာမှာ အင်အားကြီးမားလာနေတာကို ဗဟိုပြုပြီး
ပြောင်းလဲလာတဲ့ အမေရိကန် ရဲ့ လက်ရှိ အာရှ နဲ့ ပစိဖိတ် ဒေသ နိုင်ငံရေး၊
စစ်ရေး၊ စီးပွားရေး မူဝါဒတွေဟာလည်း ဒီသဘောပါပဲ။
ဒါကတော့ နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့၊ ဖြစ်လေ့ရှိတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ
ကြောင့် နိုင်ငံရေး၊ စီးပွားရေး အရ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူ
လုပ်ဆောင်တဲ့ ပိတ်ဆို့တာဆီး ပုံစံဖြစ်ပြီး သူ့ရဲ့ လက်တွေ့ အကောင်အထည်
ဖော်ဆောင်ရာမှာ ထည့်သွင်းစဉ်းစားရလေ့ရှိတဲ့ အချက် နဲ့ အားနည်ချက် သဘောတွေ
ဖြစ်ပါတယ်။ ဒါ့အပြင် အထက်မှာ ဆိုခဲ့တဲ့ အိန္ဒိယ မိုင်းတွင်း ကုမ္ပဏီ
အဖြစ်အပျက်လို တနိုင်ငံလုံး သဘောမဟုတ်ဘဲ၊ တနည်းအားဖြင့် နိုင်ငံရေး သဘော
အဓိက မဆောင်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာ အရ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကြီးတွေ
တခုချင်းသီးသန့် ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့၊ စီးပွားရေး အရ မဆက်ဆံဖို့၊
ဝယ်ယူအားပေး ခြင်းမပြုဖို့ လုပ်ဆောင်တဲ့ အရေးယူပိတ်ဆို့၊ စီးပွားရေး
ဒဏ်ခံမှုတွေလည်း ရှိပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းကြီးတွေ ရဲ့
စီးပွားရှာမှု လုပ်နည်း၊ လုပ်ဟန် သမာသမတ်ကျ/မကျ၊ ကျင့်ဝတ် ညီမှု ရှိ/မရှိ
ကိုကြည့်ပြီး တဖွဲ့ချင်း၊ တခုချင်း ကွက် အရေးယူ ဒဏ်ခတ်တဲ့ သဘောက လူသား
နဲ့ စီးပွား ကျင့်ဝတ်ပိုင်း ဆိုင်ရာ အရကြည့်ရင် ပိုပြီး ထိရောက်၊ လက်တွေ့
အလုပ်ဖြစ်တယ်လို့ ဆိုရပါမယ်။
အကြောင်းက ကမ္ဘာနဲ့ချီ စီးပွားလုပ်ဆောင်နေတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့
စီးပွားရေးလုပ်ငန်းကြီးတွေဟာ မိမိတို့ရဲ့ အကျိုး/အမြတ် ရလဒ်
ရေရှည်တည်မြဲစေဖို့၊ ဈေးကွက်မှာ နေရာအမြဲတမ်း ရနေစေဖို့ အတွက် စားသုံးသူ၊
စီးပွားဘက် နဲ့ ပြိုင်ဘက်တွေ အကြေားမှာ နာမည်ကောင်းရဖို့ အရေးကြီးတဲ့အတွက်
သူတို့ရဲ့ စီးပွားရေး လုပ်နည်း၊ လုပ်ဟန်တွေ တရားဝင်ကြောင်း၊
ကျင့်ဝတ်ညီကြောင်း၊ လူ့အခွင့်အရေး ကို လေးစားလိုက်နာကြောင်း နဲ့
သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေကြောင်း သက်သေပြုနိုင်ဖို့ လိုတဲ့
အတွက်ကြောင့် ဖြစ်ပါတယ်။ လူသိများတဲ့ အင်္ဂလိပ်စကားလုံးနဲ့ ဆိုရရင် ကုမ္ပဏီ
ရဲ့ Image ကောင်းဖို့ လိုလို့ ဖြစ်ပါတယ်။ ဒီလို အနေအထား နဲ့
တောင်းဆိုမှုကြောင့် ကမ္ဘာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ အာဏာရှင်နဲ့
ပေါင်း စီးပွားမရှာမိဖို့၊ လူ့အခွင့်အရေး မချိုးဖောက်မိဖို့၊ မိမိ ရဲ့
ဝန်ထမ်း အလုပ်သမားတွေ ကို နိုင့်ထက်စီးနင်း ဂုတ်သွေးစုပ်
နင်းမခိုင်းမိစေဖို့၊ မိမိ လုပ်ငန်းလုပ်တဲ့ ဒေသက ဒေသခံတွေရဲ့ အကျိုးစီးပွား
နဲ့ အိုးအိမ်၊ စည်းစိမ် ကို မပျက်စီးစေဖို့၊ ဥတု သဘာဝ နဲ့ ပတ်ဝန်းကျင် ကို
မထိခိုက်စေဖို့ မဖြစ်မနေ အလေးထား စီစဉ် ဆောင်ရွက်၊ မူဝါဒ ချမှတ်လာရပါတယ်။
ဆိုခဲ့သလို လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင် နဲ့
သက်ဆိုင်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်နေကြောင်း အစွပ်အစွဲ ခံရရင်
စီးပွားရေး လုပ်ငန်း ရဲ့ နာမည် အကြီးအကျယ် ထိခိုက်စေပြီး လုပ်ငန်းက
အစုရှယ်ယာရှင်တွေရဲ့ အရင်းအနှီးတွေ နှုတ်ထွက်တာ၊ လုပ်ငန်းရဲ့
စားသုံးသူ/သုံးစွဲသူ တွေက သုံးစွဲ၊ ဝယ်ယူအားပေး မှု မလုပ်တော့တာ၊ ဈေးကွက်
မှာ နာမည်ပျက်တာ တွေ ရင်ဆိုင်လာရနိုင်ကာ မိမိရဲ့ ကိုယ်ကျိုးစီးပွား အမြတ်
ရရှိမှု နဲ့ ရေရှည် တည့်တံ့ ခိုင်မြဲ တိုးတက်မှုကို ထိခိုက်လာနိုင်တဲ့အတွက်
မိမိရဲ့ စီးပွားလုင်ငန်းဆောင်ရွက်မှုပုံစံကို တရားဥပဒေ နည်းလမ်းတကျ
ဝတ်တန်းကျေ ဆောင်ရွက်ရုံနဲ့ မလုံလောက်တော့ဘဲ တတ်နိုင်သမျှ လူမှုစီးပွား
ကျင့်ဝတ်တွေနဲ့ပါ ညီအောင် အလေးထား လာရပါတယ်။
မြင်သာတဲ့ ဥပမာ ဆိုရရင် ကမ္ဘာ့ ဆက်သွယ်ရေး နဲ့ နည်းပညာ ဈေးကွက် မှာ
ထိပ်တန်း ရောက်နေတဲ့ အဆင့်မြင့် လျှပ်စစ် နည်းပညာ တကိုယ်ရည် နဲ့
လုပ်ငန်းသုံး အသုံးအဆောင် ပစ္စည်းတွေထုတ်တဲ့ ပန်းသီးတံဆိပ် ကုမ္ပဏီရဲ့ တရုတ်
နဲ့ ထိုင်ဝမ် နိုင်ငံက စက်ရုံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမားတွေရဲ့
လုပ်ခလစာ နည်းမှု၊ အလုပ်သမား အခွင့်အရေး အချိုးဖောက်ခံရမှု၊ အလုပ်သမားတွေ
လုပ်ငန်းခွင် နဲ့ လူမှုစီးပွားဒဏ် ကို မခံနိုင်လို့ ကိုယ့်ဘာသာ သတ်သေခဲ့မှု
ဖြစ်စဉ် သတင်းတွေနဲ့ ဒီ ဖြစ်ရပ်တွေရဲ့ အကျိုးဆက် ဂရက်တွေ ကို ပြရပါမယ်။
ကမ္ဘာတဝှမ်းက ပန်းသီးတံဆိပ် ကုမ္ပဏီရဲ့ နည်းပညာ ကို သဘောကျ နှစ်သက်
အားပေးကြတဲ့ သုံးစွဲသူတွေဟာ သူတို့ သုံးစွဲနေတဲ့ ပစ္စည်းတွေရဲ့ ဖြစ်ပေါ်လာပုံ
နဲ့ နောက်ကွယ်က အကြောင်း၊ သတင်း ဖြစ်ရပ်ဆိုးတွေကို သိမြင်လာရတော့
ကုမ္ပဏီရဲ့ စီးပွားလုပ်နည်း၊ လုပ်ဟန်နဲ့ ကျင့်ဝတ် အပေါ်
မေးခွန်းထုတ်မှုတွေဖြစ်လာကာ ပန်းသီးတံဆိပ် လျှပ်စစ် ပစ္စည်းတွေကို
မသုံးစွဲတော့ဖို့ ထုတ်ဖော် ဆန္ဒ ပြုမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ပန်းသီးတံဆိပ်
ကုမ္ပဏီကလည်း ဒီလို ဈေးကွက် မှာ နာမည် နဲ့ တံဆိပ် ကို ထိခိုက်စေမယ့်၊
အကျိုးစီးပွားကို ပျက်စီးစေမယ့် အဖြစ်အပျက်တွေကို ရှောင်ကြဉ်နိုင်ဖို့
အပြုသဘောဆောင်တဲ့ အလျင်အမြင် အရေးယူမှု တွေ၊ အစီအစဉ်တွေ၊ မူဝါဒတွေကို ချမှတ်
ဖော်ဆောင်ခဲ့ရပါတယ်။
ဒီလို အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ အခြား လူ့အခွင့်အရေး
နဲ့ သဘာဝပတ်ဝန်းကျင် ကို ထိခိုက်စေတဲ့ အပြုအမူတွေဟာ ဥပမာပြုခဲ့တဲ့ ပန်းသီး
ကုမ္ပဏီလို အဖွဲ့အစည်းတခုတည်းမှာပဲ ဖြစ်ပေါ်လေ့ရှိတဲ့ အဖြစ်အပျက်တွေ
မဟုတ်သလို ကမ္ဘာ့ စီးပွားရေး မှာ အရေအတွက် အနည်းစု ဖြစ်နေတာလည်း မဟုတ်ပါဘူး။
ကမ္ဘာ့ပတ်လည် စီးပွားလုပ်ဆောင်နေတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ စီးပွားရေး
ကော်ပိုရေးရှင်းကြီးတွေတိုင်းမှာ အလားတူ အဖြစ်အပျက်မျိုးတွေ
မြင်တွေ့ရလေ့ရှိပါတယ်။ ဒီလို တရား မမျှမတ၊ ကျင့်ဝတ်မဲ့
စီးပွားလုပ်ဆောင်နေမှုတွေကို လူအများစု သိအောင်၊ စားသုံးသူ/သုံးစွဲသူ တွေ
သိမြင်ခံစားလာအောင်၊ အစုရှယ်ယာရှင် နဲ့ ငွေကြေးအရင်းအနှီး ထောက်ပံ့သူတွေ
နားလည်လက်ခံလာအောင် လူအခွင့်အရေး နဲ့ လူမှု အဖွဲ့အစည်းတွေက ဝိုင်းဝန်း
ဆော်သြလေ့ရှိပြီး မတရားမှုတွေ ပျောက်အောင်၊ လူသား နဲ့ သဘာဝ ပတ်ဝန်းကျင်
ထိခိုက်နစ်နာမှုတွေ နည်းအောင် နိုင်ငံတကာ အစိုးရတွေ နဲ့ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတွေ၊ စီးပွားရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေကို
တရားနည်းလမ်းကျတဲ့ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း နဲ့ ကျင့်ဝတ် တွေ
သတ်မှတ်ပြဋ္ဌာန်းပေးဖို့ တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။
ဥပမာ တခု ပြရရင် ပြည်တွင်းစစ်ဖြစ်နေတဲ့ အာဖရိက ပဋိပက္ခ ဒေသတွေက ထွက်တဲ့
စိန်တွေကို နိုင်ငံတကာမှာ ရောင်းဝယ် ဖောက်ကားမှု မလုပ်ဖို့ လွန်ခဲ့တဲ့
ဆယ်စုနှစ် အတွင်းမှာ ကမ္ဘာအနှံ့က လူ့အခွင့်အရေး အဖွဲ့တွေ၊ ဒီမိုကရေစီ
အစိုးရတွေ နဲ့ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ က အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းကြီးတွေက ဝိုင်းဝန်း တောင်းဆိုမှုတွေရှိခဲ့ပြီး ပဋိပက္ခ ဒေသထွက်
စိန်တွေ လက်တွေ့ ဈေးကွက်မှာ အရောင်းအဝယ် မဖြစ်စေဖို့လည်း
ဥပဒေတွေပြဋ္ဌာန်းတာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကတိခံဝန်ချက်၊ သဘောတူညီမှုတွေ
လုပ်တာတွေ ရှိခဲ့ဖူးပါတယ်။ သုံးစွဲသူတွေ အကြားမှာ စိန်တွေ ထွက်ပေါ်လာရာ
လမ်းကြောင်း၊ ကြေကွဲဖွယ် နောက်ခံသမိုင်း နဲ့ ဇစ်မြစ် သဘော ကို
သိနားလည်လာစေဖို့လည်း လှုံ့ဆော်ပညာပေးမှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့်
ပိုက်ဆံချမ်းသာပြီး အများစု ဝယ်ယူသုံးစွဲနေကြတဲ့ (ဝယ်ယူသုံးစွဲနိုင်တဲ့)
အမေရိက နဲ့ အနောက်ဥရောပ က ပြည်သူလူထု (အမျိုးသမီးအဓိက) ကြားမှာ အဓမ္မမှုတွေ
တင်းကြမ်းပြည့်နေတဲ့ သွေးစွန်းနေတဲ့ စိန်တွေ ကို ဝယ်ယူသုံးစွဲ အပေါ်ရံ
အလှတန်ဆာဆင်နေမှုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းပုံ၊
ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဓန အင်အားကြီးတဲ့ နိုင်ငံကြီးတွေက လက်နက်
ကုမ္ပဏီကြီးတွေကပဲ ဒီလို ပြည်တွင်းစစ် ဖြစ်နေတဲ့ ပဋိပက္ခ ဒေသတွေမှာ လက်နက်တွေ
အကြီးအကျယ်ရောင်းချပြီး ရရှိတဲ့ အကျိုးအမြတ် ပိုက်ဆံတွေနဲ့ အဲ့ဒေသက
စိန်တွေကို ပြန်ဝယ်သလို ဖြစ်နေပုံ၊ ဒီလို အကျိုးအမြတ်ကြီးတဲ့ သဘာဝသယံဇာတ
ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် စီးပွားအတွက် ဒေသတွင်းမှာ ပဋိပက္ခ နဲ့
စစ်ပွဲတွေ အဆုံးမသတ်နိုင် ဖြစ်နေပုံတွေကို လူအများစု သိမြင် ခံစားနားလည်
လာအောင် လူထု ပညာပေး လုပ်ငန်းတွေနဲ့ ဆွေးနွေးပွဲ၊ ရှုံ့ချ ပွဲတွေ
လုပ်ခဲ့ဖူးပါတယ်။
ဒီလို အာဖရိက ရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန် နောက်ခံ အခြေအနေကို မှီးပြီး
ဟောလီးဝုဒ်က “သွေးစွန်းနေတဲ့ စိန်” ဆိုပြီး ရုပ်ရှင်ရိုက်ခဲ့ဖူးပါတယ်။
ဒီလို ကမ္ဘာပတ်လည် စီးပွားလုပ်ဆောင်ရမှာ ဖြစ်ပေါ်နေတဲ့ ကျင့်ဝတ်၊ သီလ နဲ့
တရားမဲ့မှုတွေ လျော့ပါးလာအောင် အစိုးရတွေ နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊
စီးပွားရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက နိုင်ငံတကာ စံနှုန်း၊
စံညွှန်း၊ သဘောတူညီချက် တွေ အရ လေးစား လိုက်နာကျင့်သုံးရမယ့်
ကျင့်ဝတ်ဥပဒေသပြဋ္ဌာန်းမှု တွေ လက်တွေ့ လုပ်ဆောင်လာရပါတယ်။ ဒါကြောင့်
ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာမှာ စီးပွားရှာချင်တဲ့ နိုင်ငံတကာ
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း ဒီလို ဥပဒေ၊ ကျင့်ဝတ် နဲ့ လုပ်ထုံး၊
လုပ်နည်း တွေကို သူတို့ရဲ့ စီးပွားရေး လုပ်နည်း၊ လုပ်ဟန် နဲ့ မူဝါဒတွေမှာ
မဖြစ်မနေ ထည့်သွင်း ကျင့်ကြံ လုပ်ကိုင်လာရပါတယ်။
ဒီလို ရေရှည် အကျိုးစီးပွားဖြစ်ထွန်းမှုကို ဖော်ဆောင်တဲ့ “ရှဥ့်လည်း
လျှောက်သာ ၊ ပျားလည်း ဆွဲသာ”၊ လူ၊ သဘာဝ၊ ငွေကြေး အကျိုးအမြတ်ဘယ်သူ့ ဘယ်သူ
မှ တဘက်စောင်းနင်း မထိခိုက်စေဘဲ စီးပွားလုပ်ဆောင်တဲ့ သဘောဟာ ဆောင်းပါး အစ
မှာ ဆိုခဲ့တဲ့ “စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable
Development)” ဆိုတဲ့ ခေတ်သစ် ဘောဂဗေဒ နဲ့ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီ
နည်းနာ နိဿယ ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး
၁၂ ၊ စက်တင်ဘာ ၊ ၂၀၁၂
(ဒုတိယ ပိုင်း ဆက်လက် ဆွေးနွေး တင်ပြပါမည်။)
Related Posts :
- Back to Home »
- စီးပွားရေး »
- စီပွားရေး လုပ်ငန်း၊ ကျင့်ဝတ် နှင့် ခေတ်သစ် ကမ္ဘာ – အပိုင်း(၁) (Business, Ethics and the Modern World – Part I)
