Posted by : Unknown
Tuesday, 27 November 2012
![]() (၂) လွှတ်တော်သို့ ပြန်ကြားသည့် သမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့ပါစာအရ ရှေ့နေချုပ် ရုံးကတင်သွင်းခဲ့၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့် ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင်ဟူသောအချက်သည် သဘာဝကျသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ အမြင့်ဆုံးတရားရုံးဖြစ်နေသဖြင့် မိမိဆုံးဖြတ်ထားသည်ကို မိမိပြန်ပြင်ရမည်ဆိုလျှင် တရားရုံးဟူ၍ပင် ခေါ်၍မရနိုင်ပါ။ တချိန်တည်းတွင် ခွဲခွဲခြားခြားမစဉ်းစားခဲ လွှတ်တော်ကိုယ်စားလှယ်များ သက်သက်ဖြင့် ဖွဲ့စည်းထားလျှင်ပင် ပြည်ထောင်စု အဆင့်မသတ်နိုင်ဟု တရားရုံးကဆုံးဖြတ်ခဲ့ပါက ယင်းမှာလည်း လွဲချော်နေပြန်ပါသည်။ (၃) ယနေ့ သြဂုတ်လ (၂၁) ရက်နေ့နံက် ဘီဘီစီ အင်တာဗျူးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် ဖြေကြားသွားသည်တို့အနက် အောက်ပါနှစ်ချက်မှာ လက်ခံနိုင်ဘွယ်မရှိပါ။ (က) သမ္မတ ဦးသိန်းစိန် အဆိုပြုသည့် ဖွဲ့စည်းပုံပြင်ရေးကို လက်မခံနိုင်ရခြင်းမှာ လွှတ်တော်ဘက်က အားနည်းချက် ဖြစ်သွားမည်ကို မလိုလား၊ ၄င်းတို့ဘက်က အမှန်ဟု ယူဆသည်။ (ခ) ဦးသိန်းစိန် ခန့်ထားသည့် အစိုးရ၀န်ကြီးအဖွဲ့ဝင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများ မပါဝင်သော်လည်း လွှတ်တော်က ၄င်းတို့အား ပြည်ထောင်စု အဆင့်သတ်မှတ်သည်။ လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများ မပါဝင်သော်လည်း အစိုးရက ၄င်းတို့အား ပြည်ထောင်စုအဆင့် သတ်မှတ်လက်ခံရမည် ဖြစ်သည်။ ဦးဘုန်းမြင့်အောင်၏ အထက်ပါ တင်ပြချက် နှစ်ချက်အပေါ် အောက်ပါအတိုင်းသုံးသပ်သည်။ (က) လွှတ်တော်ဘက်က အားနည်းချက် ဖြစ်ခြင်းမဖြစ်ခြင်းမှာ အဓိကမဟုတ်ပါ။ State Institutions ဟုခေါ်သည့် တိုင်းပြည်တည်ဆောက်မှု အဆောက်အအုံတစ်စုံလုံး ပုံမှန်လည်ပတ်ရေး အခြေခံကသာ ကြည့်ရန်လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီနှင့် ကော်မရှင်များအား ပြည်ထောင်စုအဆင့်အဖြစ် အတင်းအကြပ် သတ်မှတ်ခိုင်းခြင်းမှာ မမှန်ပါ။ သူရဦးရွှေမန်း၏ သား တိုးနိုင်မန်းဆိုသူမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်ပါဘဲလျှက် လွှတ်တော်ကဖွဲ့ပေးသည့် ကော်မရှင်တစ်ခုထဲတွင် ပါနေသည်ဟူသော စွပ်စွဲချက် ထွက်ပေါ်လျှက်ရှိသည်။ ယင်းကိုဟုတ်မဟုတ် စီစစ်သင့်ပါသည်။ (ခ) Presidential System ဟုခေါ်သည့် သမ္မတစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများအား အစိုးရအဖွဲ့ဝင်များအနေဖြင့် ခန့်ခွင့်ရှိသည်။ ယင်းကို တကမ္ဘာလုံးတွင် ကျင့်သုံးလျှက်ရှိသည်။ ဤစနစ်ကို မကြိုက်လျှင် ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ်ကို ပြောင်းရပါမည်။ ယင်းတွင်အစိုးရ အဖွဲ့ဝင်များအားလုံးသည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ရပါမည်။ သမ္မတစံနစ်ကို လက်ခံကျင့်သုံးလျှင်မူ လွှတ်တော်အား သမ္မတဦးဆောင်သည့် အစိုးရဖွဲ့စည်းပုံနှင့် တထပ်တည်း စဉ်းစား၍မရပါ။ လွှတ်တော်က ဖွဲ့ပေးလိုက်သည့် ရိုးရိုးက်ာမတီနှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါဝင်ခြင်းမှာ ပြသနာမဟုတ်ပါ။ သို့ရာတွင် လွှတ်တော်က ဖွဲ့စည်းပေးလိုက်ပြီး ပြည်ထောင်စုအဆင့် ရှိစေလိုသည့် ကော်မတီနှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများအား ပါဝင်စေလျှင်မူ ဖေါင်းပွပြီး တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားပါမည်။ မလိုလားအပ်သော ပြဿနာများ တောက်လျှောက် ပေါ်နိုင်ပါသည်။ (၄) ဤ အကြပ်အတည်းကို ကျော်လွှားရန်မှာ တစ်နည်းသာရှိသည်။ ယင်းမှာ သမ္မတဦးသိန်းစိန် အကြံပေးသည့်အတိုင်း ဖွဲ့စည်းပုံကို ပြင်လိုက်ရန်ဖြစ်သည်။ စင်စစ်အားဖြင့်မူ ဦးသိန်းစိန်အနေဖြင့်လည်း ဖွဲ့စည်းပုံကို ပြင်ခြင်လွန်းလှလို့တော့ ဟုတ်ပုံမရပါ။ အခြားထွက်ပေါက်ရှာ၍ မတွေ့သဖြင့်သာ ဖြစ်ပုံရသည်။ အရင်းခံပြသနာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးများအပေါ် အယုံအကြည်နည်းကြသည့် နောက်ခံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတ ဦးသိန်းစိန် စိတ်ကြိုက် ခန့်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်နေသည်။ ၄င်းတို့အား ဦးသိန်းစိန်က စဉ်းစားခဲ့ရာ၌ အဂတိ တရားလေးပါးဖြစ်သော ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ကင်းစွာ လွတ်လပ်၊ ဘက်မလိုက်ဘဲ ထက်မြက်ရဲတင်းစွာ ဆုံးဖြတ်လုပ်ကိုင်မည့် ပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ခဲ့ခြင်း မဟုတ်ကြောင်း ၄င်း၏ စာအရ ထင်ရှားနေသည်။ အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ ဖြစ်၍ ရွေးချယ်ခဲ့ခြင်းဟူသည်မှာ နိုင်ငံရေးအရ စဉ်းစားခြင်း ဖြစ်သည်။ ခိုင်းတာလုပ်မည့် ပုဂ္ဂိုလ်များအဖြစ် ယုံကြည်၍ ခန့်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားနေသည်။ ဤသည်ကို လုံးဝလက်မခံသင့်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြခြင်းမှာ ဤအခြေခံကြောင့် ဖြစ်သည်။ ဤအခြေခံကို အမြန်ဆုံးပြန်ပြင်ပြီးမှသာ အမြင့်ဆုံးတရားရုံးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသည့် အစဉ်အလာကောင်းအား မြန်မာနိုင်ငံတွင် စတင်ထူထောင်နိုင်ပါမည်။ (၅) ၂၀၀၈ ဖွဲ့စည်းပုံကို စတင်ပြင်ဆင်ရန်မှာ ယခုအချိန်ကောင်းဖြစ်သည်။ အခန်း (၆) တရားစီရင်ရေးနှင့် စပ်လျှဉ်းသော ကဏ္ဍတစ်စုံလုံးကို ပြင်လိုက်ရန်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ တရားရုံးကို သီးခြားခွဲထုတ်ထားသည့်အပြင် တရားသူကြီးများအား သမ္မတလုပ်သူက စိတ်ကြိုက် ခန့်ခွင့် ဖြုတ်ခွင့်ရှိသော ပြဌာန်းချက် ပါရှိနေသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မရှိနိုင်ပါ။ စစ်ဘက်ဆိုင်ရာ တရားရုံးများအား သီးခြားခွဲထုတ်ထားသည့် ပြဌာန်းချက်ကို ဖျက်သိမ်းလိုက်ရန်လိုပါမည်။ တည်ဆဲ ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေကို အသက်သွင်းရန်လိုပါမည်။ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တရားစီရင်ရေး ယန္တယားကြီးပေါ်ပေါက်လာအောင် တရားသူကြီးချုပ်များ အားမည်သို့ခန့်သင့် ဖြုတ်သင့်သည်ကို လူထုထံမှ သဘောထားတောင်းခံသည့် လှုပ်ရှားမှုကြီး စတင်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျှဉ်းသော ကိစ္စများကို စစ်အစိုးရကဖွဲ့စည်းပေးထားသော လွှတ်တော်ကွက်ကွက် ကလေးအတွင်းမှာသာ စဉ်းစားခြင်းမျိုးမဖြစ်သင့်တော့ပါ။ လူထုများပါ ပါဝင်ပတ်သက်ခွင့်ရအောင်၊ လူထု၏ သဘော ဆန္ဒများကျယ် ကျယ်ပြန့်ပြန့် ထုတ်ဖေါ်ခွင့်ရအောင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ လူထုအသင်းအဖွဲ့များ၊ သတင်းဌာနများက ကမကထ ပြုကြမည်ဆိုလျှင် စစ်မှန်သော ဥပဒေစိုးမိုးရေး အတွက် အထောက်အကူဖြစ်ပါမည်။ (၆) ဖွဲ့စည်းပုံကို ပြင်ပြီးနောက် တရားသူကြီးများအား အစမှအဆုံး အသစ်ပြန်ခန့်နိုင်သည်။ ပြည်ထောင်စု အဆင့်သတ်မှတ်ရေး ကိစ္စအားလည်း အတိအကျ ထည့်သွင်းပြဌာန်းနိုင်သည်။ သို့မဟုတ်ပါက ဒေါ်အောင်စုကြည်ဦးဆောင်သော ကော်မတီသည်ပင် ပြည်ထောင်စု အဆင့်မရှိတော့ပြီမှာ သေချာသည်။ ပြည်ထောင်စု အဆင့်မရှိလျှင် တိုင်းနှင့်ပြည်နယ်အဆင့်သာ ရှိပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်သို့ပင် နှိမ့်ချစွာ ခေါင်းငုံ့ဝင်ရောက်ပါလျှက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ လူထုခေါင်းဆောင်မျိုးကို တိုင်းနှင့်ပြည်နယ် အဆင့်လောက်မှာသာ အလုပ်ပေး ထားခြင်းမျိုးမဖြစ်သင့်ပါ။ စစ်အာဏာရှင်များ၏ ဖွဲ့စည်းပုံဆိုင်ရာ လှည့်ကွက်များကိုဖေါ်ထုတ် ဆန့်ကျင်လှုပ်ရှား သင့်ကြပါသည်။ |
Related Posts :
- Back to Home »
- နိုင်ငံရေး »
- လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး ထိပ်တိုက်ပြဿနာအပေါ် သုံးသပ်ချက်
