Showing posts with label နိုင်ငံရေး. Show all posts

တရုတ် အင်အားအတွက် ပထ၀ီနိုင်ငံရေး

https://www.facebook.com/theuseofforce

၁၉၀၄ ခုနှစ်မှာ အင်္ဂလိပ် ပထ၀ီ ပညာရှင် ဆာဟယ်လ်ဖိုဒ့် မက်ကင်ဒါ က သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်တဲ့ `သမိုင်း၏ ပထ၀ီ ဆိုင်ရာ ဆုံချက်´ (The Geographical Pivot of History) အတွက် တရုတ်ကို

သတိထားစရာ အဖြစ် ရည်ညွှန်းရင်း အခုလို ရေးခဲ့ပါတယ်။

“အကယ်၍ တရုတ်သည် သူ့ နယ်နမိတ်ကို ကျော်လွန်ပြီး အင်အား ချဲ့ကားလာပြီဆိုလျှင်၊ ဤအရာက ကမ္ဘာကြီး လွတ်လပ်မှုအတွက် အ၀ါရောင် အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။ အကြောင်းမှာ သူ၏ ပင်လယ်မျက်နှာစာကို ယူရေးရှား (Eurasia) တိုက်ကြီး တခုလုံးအထိ ဆွဲဆန့်သွင်းလာပြီး၊ ရင်းမြစ်အားလုံး အသုံးပြုရင်း ရုရှား ဩဇာ မကြီးနိုင်အောင် ၀ါးမျိုသွားလိမ့်မည်။”

မက်ကင်ဒါ ထောက်ပြတာက ဒီလိုပါ။  ဖြစ်နေကျ လူမျိုးရေး အမျိုးသားရေး ကိစ္စတွေ ခဏဘေးဖယ်ထား။  ပထ၀ီ အမြင်နဲ့ ကြည့်ရင် ရုရှားနဲ့ အခြား ယူရေးရှား နိုင်ငံတွေဟာ ကုန်းတွင်းပိုင်း အင်အားကြီးပေမယ့်၊ ပင်လယ် မျက်နှာစာ ချဲ့ကားဖို့အတွက် ရေခဲတွေက ပိတ်ကားထားလို့ အကန့်အသတ် ရှိနေတယ်။ တရုတ်ကျတော့ သဘာဝ ဆိပ်ကမ်း ကောင်းတွေနဲ့ ကမ်းရိုးတမ်း ရေမိုင် ၉၀၀၀ ကျော် ရှိတာမို့၊ ကုန်းပိုင်း ပင်လယ်ပိုင်း အင်အား နှစ်ခုစလုံးကို ပိုင်ဆိုင်ထားပါတယ်။ မက်ကင်ဒါ အနေနဲ့ တရုတ်ဟာ တစ်နေ့နေ့မှာ ရုရှားကိုတောင် လွှမ်းမိုးသွားမှာ သူစိုးရိမ်ကြောင်း ဖွင့်ပြောထားခြင်း ဖြစ်ပါတယ်။

ဆက်ပြီး မက်ကင်ဒါ ပြောတာက တရုတ်ဟာ သူရဲ့ တွင်းထွက်ပစ္စည်း၊ ဟိုက်ဒရိုကာဗွန်၊ ဓနရင်းမြစ်တွေနဲ့ ဗဟိုအာရှထိ ဖြန့်ကျက်ပြီး ပစိဖိတ် သမုဒ္ဒရာကို အဓိက သင်္ဘော လမ်းကြောင်းတွေ ဖွင့်ထားမယ်။ ပြီးရင် အမေရိက၊ ဂရိတ်ဗြိတိန် တို့နဲ့အပြိုင် ကမ္ဘာ့ လေးပုံတစ်ပုံသော လူသား ယဉ်ကျေးမှုသစ်ကို ဦးဆောင် သွားလိမ့်မယ်လို့ ဆိုပါတယ်။

မက်ကင်ဒါ စိုးရိမ်တကြီးနဲ့ ပြောခဲ့တဲ့ တရုတ်ရဲ့ ပထ၀ီ အနေအထားက ကနေ့ အလွန်ကို အရေးပါလာပါပြီ။ ပထ၀ီ အားသာမှုက လက်ရှိ စီးပွားရေး ဆန်းပွင့်မှုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်မှုတို့ ထက်ကို တရုတ်အတွက် ပိုမျက်နှာသာ ပေးနေတယ်လို့ ဆိုရပါမယ်။ ဆိုလိုတာက နှစ်၃၀ လောက် နှစ်စဉ် ဂျီဒီပီ ၁၀ ရာခိုင်နှုန်းနဲ့ ပုံမှန် စီးပွားရေး မျဉ်းဖြောင့် အတိုင်း တိုးတက်နေရာကနေ ရုတ်တရက် ထိုးစိုက်ဆင်းဦးတော့၊ ပထ၀ီနိုင်ငံရေး ဗဟို အချက်ကျမှုက တရုတ်ကို အမြဲမားမားကြီး ကမ္ဘာ့အလယ်မှာ ရပ်တည်နေစေမယ့် သဘောပါပဲ။

တရုတ်ရဲ့ မူရင်းပုံစံက ဗဟိုကနေ ချုပ်ကိုင်ပြီး လူ့အဖွဲ့အစည်းကို ဖိပြီးဆွဲတင်မယ့် `ဟိုက်ဒရောလစ် ယဉ်ကျေးမှု´ (hydraulic civilization) ဖြစ်ပါတယ်။ အဲဒီ ဟိုက်ဒရောလစ် ယဉ်ကျေးမှုကို အနောက်တိုင်း မော်ဒန်နဲ့ အဆုံးစွန် ရောသမမွှေသွားမယ့် ပုံစံဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှုကြောင့်ပဲ ပေကျင်း အစိုးရဟာ သန်းပေါင်းများစွာသော လူထုလုပ်အားနဲ့ အဓိက အခြေခံ အဆောက်အအုံ (infrastructure) တွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီ့ စနစ်ကြောင့်ပဲ ဒီမိုကရေစီ အစိုးရတွေ မလုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တရုတ်ဟာ မရပ်မနား တက်ကြွရှင်သန်နေပုံ ရပါတယ်။

နှစ်ပေါင်း ၄၀၀၀လောက်က စခဲ့တဲ့ မင်းဆက် ၂၅ဆက်ရဲ့ ပင်ပွားမျိုးဆက်၊ ကွန်မြူနစ် အမည်ခံ ယနေ့ တရုတ် အုပ်စိုးသူများဟာ အနောက်တိုင်း နည်းပညာတွေနဲ့ ကျင့်သုံးပုံတွေကို စုတ်ယူနေတယ်။ အနောက် နည်းပညာ တွေကို ကိုယ့်ကိုယ်ပိုင် ယဉ်ကျေးမှု အတွေ့အကြုံတွေနဲ့ စနစ်တကျ ပေါင်းစပ်ပြီး၊ အခြားနိုင်ငံငယ်တွေကို မိမိရဲ့ မြစ်လက်တက်သဖွယ် ဆက်ဆံထားပါတယ်။

စင်္ကာပူ ၀န်ကြီးတစ်ဦး ပြောသလိုဆိုရင် “တရုတ်ဟာ ခင်ဗျားကို ဆွဲဆောင်ဖမ်းစား ညှို့ယူချင်တဲ့အခါ ညှို့ယူမယ်၊ ဖျစ်ညှစ် ချင်တဲ့အခါ ဖျစ်ညှစ်မယ်၊ နှစ်ခုစလုံးကို လုံးဝ စနစ်တကျလုပ်ပါလိမ့်မယ်” တဲ့။ ဒီလိုနဲ့ တရုတ်ရဲ့ အတွင်းပိုင်း တက်ကြွ ရှင်သန်မှု (dynamism)က ပြင်ပ ရည်မှန်းချက်များကို ဖန်ဆင်းပေးလာပါတယ်။

ယနေ့ တရုတ်ပြည်ဟာ သူ့နယ်နမိတ်တွေကို ကြံခိုင်အောင် တည်ဆောက်ရင်း ပြင်ပကို ခေါင်းပြူထွက်ကြည့် လာပါတယ်။ တရုတ် နိုင်ငံခြားရေး ပေါ်လစီ ရည်မှန်းချက်ကြီးပုံက လွန်ခဲ့တဲ့ ရာစုနှစ်က အမေရိကန် ပြည်ထောင်စု လိုပဲ ခပ်ကြမ်း ကြမ်း ရမ်းရမ်းပါ။ သို့သော် အကြောင်းတရား အမျိုးမျိုးနဲ့ လုပ်ပုံကိုင်ပုံ နည်းနာတွေမှာတော့ ကွာခြားမှုတွေ ရှိပါတယ်။

တရုတ်က သူ့အစိုးရ စနစ်ပုံစံနဲ့ အိုင်ဒီအိုလိုဂျီကို ပျံ့နှံစေဖို့အတွက် နိုင်ငံတကာကို မစ်ရှစ်တွေ လွှတ်တာမျိုး မရှိပါဘူး။ အမေရိကန်ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက နိုင်ငံတကာ ရေးရာတွေမှာ သူ့ဂုဏ်သိက္ခာ ကြီးစေဖို့ ဖြစ်တယ်။ ဒါမျိုး တရုတ်မှာ မလိုဘူး။ တရုတ်ရဲ့ နိုင်ငံတကာရေးဆိုတာက သူ့မှာ လိုအပ်နေတဲ့ စွမ်းအင်၊ သတ္တု၊ တွင်းထွက်တွေ ရယူဖို့ပဲ ဖြစ်ပါတယ်။ ငါးပုံ တစ်ပုံ ပမာဏ ရှိသော သူ့လူထုကို လူနေမှု အဆင့်အတန်း မြှင့်တင် ပေးဖို့က အမြင့်ဆုံး ရည်မှန်းချက်တစ်ခု။

တိုးတက်မှုနဲ့ လောင်စာစီ အပါအ၀င် လိုချင်တာ ရဖို့ဆိုရင် ကမ္ဘာ့နယ်မြေ ဘယ်လောက်ဝေး ဝေးပါစေ၊ ပေကျင်း အစိုးရက မိုးမြေအဆုံး လိုက်ပြီး စွန့်စား ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာထွက် ဆက်ဆံဖို့ တွန်းအား ပေးနေတာက စီးပွားရေး ရှင်သန်စေမှု ဆိုတဲ့ တရုတ် အမျိုးသားရေး အကျိုးစီးပွားပါ။ တရုတ်အစိုးရကို အဓိပ္ပါယ် ဖွင့်ကြည့်ရင် တကယ့် လက်တွေ့ ပါဝါသမား (realist power)။

ရေနံနဲ့ တွင်းထွက် ပေါကြွယ်ဝတဲ့ အာဖရိက နေရာ တော်တော်များများကို အခု ခြေဆန့်ထားပြီးပါပြီ။ အိန္ဒိယ ပင်လယ်၊ တောင်တရုတ် ပင်လယ် ဆိပ်ကမ်း အားလုံး ထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ တရုတ်က သူ ဆက်ဆံနေတဲ့ အစိုးရ ဘယ်လိုအစိုးရ ဖြစ်တယ်ဆိုတာ ဂရုမစိုက်ဘူး။ ဘယ်လို အစိုးရ ပုံစံဖြစ်ဖြစ် သူ့အတွက် အကျိုး ရှိမယ်ဆိုရင် ထိတွေ့ဆက်ဆံ သွားမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ အီရန်၊ ဆူဒန်တို့လို့ တိုးတက်မှုပညာ နုံနည့်တဲ့ အာဏာရှင်တွေဆီကနေ တရုတ်က ရင်းမြစ်တွေ အရမ်း နှိုက်ယူနေတဲ့အခါ၊ သံတမန်နည်း မစ်ရှင်နည်းတွေနဲ့ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ အမေရိက၊ အိန္ဒိယတို့နဲ့ ထိပ်တိုက်တိုး ကုန်ပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ အမေရိက ကြားမှာ စစ်ဖြစ်လောက်မယ့် အခြေအနေက ဝေးလှပါတယ်။ တရုတ် စစ်တပ်က အမေရိကကို ခြိမ်းခြောက်ရင်တောင် သွယ်ဝိုက်တဲ့ ပုံစံနဲ့ပဲ ရှိပါမယ်။ တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန် နေ့စဉ် ရင်ဆိုင်နေရတဲ့ ကြွေးပြဿနာ၊ ကုန်သွယ်ရေး ပြဿနာ၊ ကမ္ဘာကြီး ပူနွေးမှု ပြဿနာတွေ ရှိလင့်ကစား၊ တကယ် တရုတ် စိန်ခေါ်မယ့် အရာက သူ့ရဲ့ ပထ၀ီ အားသာမှုကနေပဲ ဖြစ်ပါမယ်။

တရုတ်က ယူရေးရှားနဲ့ အာဖရိကတို့ အပေါ် တနေ့တခြား ဩဇာလွှမ်းမိုးလာမှုဟာ ၁၉ရာစု ကိုလိုနီ ပုံစံမျိုး မဟုတ်ဘဲ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နဲ့ ပိုမို အံဝင်သင့်လျှော်အေင် ပါးနပ်လွန်းတဲ့ အပြုအမူမျိုး ဖြစ်နေပါတယ်။ သူ့ စီးပွားရေး လိုအပ်ချက် အတွက် အရှေ့ကမ္ဘာခြမ်းရဲ့ ပါဝါချိန်ခွင်လျှာကို အပိုင်ထိန်းချုပ်ဖို့ ကြိုးစားနေမှုဟာ အမေရိကန်အစိုးရကို အများကြီး စိုးရိမ်ပူပန် နေမထိထိုင်မသာ ဖြစ်နေစေပါတယ်။

မြေပုံအရ ကုန်းမြေနဲ့ ပင်လယ် မျက်နှာသာပေးမှု အခြေအနေကြောင့် တရုတ်ဟာ ဗဟိုအာရှကနေ တောင်တရုတ် ပင်လယ်၊  ရုရှား အရှေ့ဖျားကနေ အိန္ဒိယ ပင်လယ်အထိ မြင်မြင်ထင်ထင် ချဲ့ကားလာပါတယ်။ နပိုလီယံ တခါက ပြောခဲ့တဲ့ “တရုတ်နဲ့ အာရှနိုင်ငံတွေရဲ့ မူဝါဒတွေဟာ ရေရှည်မှာ သူတို့ ပထ၀ီ အနေအထားထဲကပဲ ထွက်လာမယ်” ဆိုတဲ့ စကားဟာ သွေးထွက် အောင် မှန်လာပါ တယ်။

စပ်ဖျဉ်းဖျဉ်း နယ်စပ် ရောဂါစုများ

စင်ကျန်းပြည်နယ်နဲ့ တိဘက်ဟာ တရုတ်ယဉ်ကျေးမှုကို အမြဲခုခံတတ်တဲ့ လူတွေနေထိုင်တဲ့ ဒေသကြီး နှစ်ခုပါ။ ဒီဒေသ နှစ်ခုရဲ့ လူမျိုးရေး အမျိုးသားရေး တင်းမာမှုများက ပေကျင်းမြို့တော်နဲ့ နီးစပ်တဲ့ ပြည်နယ် ဒေသများအထိ  ရှုပ်ထွေးမှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။

တရုတ်ပြည် အနောက်ဘက် အကျဆုံး ပြည်နယ်ရဲ့ အမည် `စင်ကျန်း´ ဆိုတာ `လက်အောက်ခံ ပိုင်နက်သစ်´ (new dominion) လို့ ဆိုလိုပါတယ်။  အမေရိကန် တက်ဆပ် ပြည်နယ် နှစ်ဆခန့် ရှိပါတယ်။ တရုတ်-တာကစ္စတန် လူမျိုးတွေ ဖြစ်ပြီး၊ တရုတ်ပြည် အချက်အချာရဲ့ အဝေးမှာ ဂိုဘီသဲကန္တာရကို ဖြတ်လျက် တည်ရှိပါတယ်။ တရုတ်နဲ့ စင်ကျန်းဟာ နှစ်ထောင်ပေါင်းများစွာ သီးခြားစီ တည်ရှိခဲ့ရာကနေ၊ ၁၉ရာစု နှောင်းပိုင်းကျမှ စင်ကျန်းဟာ တရုတ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သွားရပါတယ်။

၂၀ရာစု ဗြိတိသျှ သံတမန် ဆာ ဖစ်ဇ်ရွိုင်း မက်လန် ပြောသလိုဆိုရင် `စင်ကျန်းဒေသဟာ တရုတ်အောက် ရောက်သွား ကတည်းက လွတ်လပ်ရေးအတွက် ပုန်ကန်မှုတွေနဲ့ တောက်လျှောက် ကသောင်းကနင်း ဖြစ်လာလိုက်တာ ၁၉၄၀ ပြည့်လွန် နှစ်များ အထိပါပဲ´တဲ့။

၁၉၄၉ ခုနှစ်မှာတော့ မော်စီတုန်း ကွန်မြူနစ်တွေ စင်ကျန်း ထဲကို ချီတက်လာတယ်။ အတုန်းအရုံး သတ်ဖြတ်ပြီး တရုတ်ပြည်ရဲ့ အစိပ်အပိုင်းတစ်ခုအဖြစ် စင်ကျန်းကို အသေချာ လုပ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ၁၉၉၀နဲ့ ၁၉၉၁မှာ အဲဒီ့ ဒေသ တာကစ်-ဥရဂါ မျိုးနွယ်စုတွေက ပေကျင်း အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။ တာကစ်-ဥရဂါ မျိုးနွယ်စုတွေကလည်း ပေါ့သေးသေးမဟုတ်ဘဲ ခုနှစ်ရာစုနဲ့ ရှစ်ရာစုတွေမှာ မွန်ဂိုလီးယားကို စိုးမိုးခဲ့တဲ့ တခ်မျိုးနွယ်စုတွေက ဆင်းသက်လာသူတွေမို့ မျိုးကြီးရိုးကြီးတွေ ဖြစ်ပါတယ်။

တရုတ်မှာ ဥရဂါလူမျိုး အရေအတွက်က ၈သန်းခန့် ရှိပြီး တရုတ်လူဦးရေရဲ့ ၁ ရာခိုင်နှုန်း အောက်ပဲ ရှိပါတယ်။ သို့သော် စင်ကျင်းဒေသမှာတော့ ၄၅ရာခိုင်နှုန်း အချိုးအစား ရှိပါတယ်။ တရုတ်မှာ ဟန်လူမျိုးက အများစု ဖြစ်ပြီး၊ သူတို့က တိုင်းပြည်ရဲ့ ဗဟို မြေနိမ့်ပိုင်းတွေမှာ နေကြပါတယ်။ တိုင်းပြည်ရဲ့ အနောက်ဘက်နဲ့ အနောက် တောင်ဘက်ရှိ ခြောက်သွေ့တဲ့ ကုန်းပြင်မြင့်တွေဟာ ဥရဂါလူမျိုးတွေနဲ့ တိဘက် လူမျိုးစုတွေရဲ့ သမိုင်းဝင် အိမ်ယာ ဖြစ်ပါတယ်။

အခု ပေကျင်း အစိုးရရဲ့ ခေတ်သစ် တရုတ်နိုင်ငံတော် မျက်စိအမြင်မှာတော့ စင်ကျင်းဒေသကို သူတို့ ထိန်းချူပ်ထားရမယ့် ပိုင်နက်လို့ ယူဆထားပါတယ်။ ဒါကကိုပဲ တင်းမာမှုတွေ အမြဲရှိနေတတ်တာ ဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကော့ပါးနဲ့ သတ္တုတွင်းတွေရှိတဲ့ မြေကြီးကို သိမ်းပိုက်ဖို့၊ ပေကျင်းအစိုးရက ဟန်တရုတ်တွေကို တိုင်းပြည် ဗဟိုအချက်ချာကနေ အဲဒီ့ ဒေသတွေဆီ ဆယ်စုနှစ်များချီပြီး အတင်း ရွှေ့ပြောင်းခိုင်း နေထိုင်ခိုင်းပါတယ်။ ဒီတော့ စင်ကျင်းက ဥရဂါတွေအတွက် အန္တရာယ်ဆိုးတွေ တစ်နေ့တခြား ရောက်ရှိ လာပါတယ်။

ပေကျင်း အစိုးရဟာ ဗဟိုအာရှ အစိုးရများကိုလည်း မြှူစွယ်ဖျားယောင်းပြီး သူ့ဩဇာနယ်ပယ် ချဲ့ကားဖို့ ကြိုးစား နေပါတယ်။ တရုတ်လက်တံက ယူရေးရှား အထိ ချဲ့ကားဆန့်တန်း ပြီးပေမဲ့၊ သူ့သဘာဝရင်းမြစ် တောင့်တမှု လိုအင်က မလုံလောက်သေးပါဘူး။ ဗဟိုအာရှကို စိုးမိုးချယ်လှယ်ဖို့ စင်ကျန်းဒေသကို ဖြတ်ပြီး ရေနံ  ပိုက်လိုင်းကြီး နှစ်ခု သွယ်တန်း တည်ဆောက်ထားပါတယ်။ တစ်ခုက ကာဇက်စတန် ကိုဖြတ်ပြီး ကက်စပီယံ ပင်လယ်မှ ရေနံ သယ်ဖို့။ နောက်တခုက ဥဇဘက်ကစ်စတန်နဲ့ ကာဇက်စတန်တို့ကို ဖြတ်ပြီး တက်မင်နစ္စတန်မှ သဘာဝဓါတ်ငွေ့ သယ်ထုတ်ဖို့။

သဘာဝ ရင်းမြစ်တွေ ဆာလောင်နေတဲ့ တရုတ်ဟာ အဲဒီ့ဒေသတွေကို အမြဲ ဆုပ်ကိုင်ထားဖို့ စွန့်စားလုပ်ဆောင် မှာ ဖြစ်ပါတယ်။ စစ်ဒဏ်ရာဒဏ်ချက်နဲ့ စုတ်ပြတ်နေတဲ့ အာဖဂန်နစ္စတန် ကာဘူးမြို့တောင်ဘက်ရှိ ကော့ပါးတွေကိုတောင် မိုင်းခွဲ ထုတ်နေပါပြီ။ ကမ္ဘာ့ နောက်ဆုံး ရတနာသိုက်ဖြစ်တဲ့ အာဖဂန်နစ္စတန်ရဲ့ သံ၊ ရွှေ၊ ယူရေနီယံ၊ အဖိုးတန် ကျောက်မျက်တွေကို မျက်စောင်းတခဲခဲ ဖြစ်နေပါပြီ။

တရုတ် အစိုးရဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ကိုဖြတ်ပြီး လမ်းတွေဆောက်၊ ပိုက်လိုင်းတွေ သွယ်တန်း၊ ဗဟိုအာရှကို လွှမ်းမိုးဖို့ အိန္ဒိယပင်လယ် ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ထားပါတယ်။ တကယ်လို့ အမေရိကန်က အာဖဂန်နစ္စတန်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ပြီဆိုလျှင် တရုတ်ရဲ့ ပထ၀ီ မဟာဗျူဟာက ပိုအောင်မြင်လာဖို့ ရှိနေပါတယ်။

စင်ကျန်းလိုပဲ တိဘက် ဒေသကိုလည်း တရုတ်က သူ့ကိုယ်ပိုင် နယ်နမိတ်လို့ ယူဆထားတာပါ။ တောင်တွေ ထူထပ်တဲ့ တိဘက် ကုန်းပြင်မြင့်များမှာ ကော့ပါးနဲ့ သံသိုက်ကြီး ရှိနေတယ်။ ဒါကြောင့်လည်း တိဘက်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုကို အထိတ်တလန့် ရှုမြင်တတ်ပါတယ်။ တိဘက် လုံးဝလွတ်လပ်ရေး ဆိုတာတော့ လေသံတောင် မကြားချင်ပါဘူး။

အဲဒီ့ ဒေသကြီးကိုဖြတ်ပြီး လမ်းတွေ မီးရထားလမ်းတွေ အသည်းအသန် တည်ဆောက်နေပါတယ်။ တကယ်လည်း တိဘက်မပါရင်၊ တရုတ်ဟာ ခန္ဓာကိုယ် အောက်ပိုင်း  မပါသလို ဖြစ်သွားပါမယ်။ တရုတ် လက်လွှတ်လိုက်ရင် တဘက်က အိန္ဒိယကလည်း သူ့ရဲ့ မြောက်ပိုင်းဇုံထဲ တိဘက်ကို ဆွဲထည့်သွားဖို့ အသင့်ပါပဲ။

လူဦးရေ သန်းတစ်ထောင့်နှစ်ရာ ရှိလာပြီဖြစ်တဲ့ အိန္ဒိယက တရုတ်ရဲ့ အာရှဇုံ လွှမ်းမိုးချယ်လှယ်ရေးအပေါ် ပထ၀ီ အရ စိန်ခေါ်မယ့်သူ ဖြစ်ပါတယ်။ ပထ၀ီ ရေစက်အရ တရုတ်နဲ့ အိန္ဒိယဟာ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ လူဦးရေများပြားလွန်းကြတဲ့ အိမ်နီးချင်းတွေ၊ ကြွယ်ဝတဲ့ ယဉ်ကျေးမှုကြီးတွေ၊ နယ်မြေအပေါ် ပြိုင်ဆိုင်လိုမှုတွေ ရှိနေပါတယ်။ တိဘက် ကိစ္စက အဲဒီ့ ယဉ်ကျေးမှုသမိုင်း ကြီးမားတဲ့ နိုင်ငံကြီးနှစ်ခုနဲ့လည်း သက်ဆိုင်မှုတွေ ရှိနေပါတယ်။

၁၉၅၇ ခုနှစ်ကထဲက ပြည်ပြေးဖြစ်နေတဲ့ ဒလိုင်းလားမား အစိုးရ အဖွဲ့ကို အိန္ဒိယက အမြဲ ကြိုဆို နေရာချပေးထားပါတယ်။ တရုတ်-အိန္ဒိယ နယ်စပ် တင်းမာမှုဟာ ဒလိုင်းလားမား နေရာ ဆက်ခံမယ့် နောက် လားမားအသစ် အပေါ် တရုတ်ရဲ့ စိုးရိမ်မှုတွေနဲ့လည်း ပတ်သက်မှု ရှိပါတယ်။ နောက်ဆက်ခံမယ် လားမား အသစ်ဟာ အိန္ဒိယ မြောက်ဘက်၊ နီပေါ၊ ဘူတန်တို့နဲ့ ထိစပ်နေတဲ့ တိဘက် ယဉ်ကျေးမှု စီးကြောင်းထဲက ထွက်ပေါ်လာဖို့ ရှိပါတယ်။

နောက် တရုတ် အိန္ဒိယ ဂိမ်းပြိုင်ပွဲဟာ တိဘက်ဒေသ လောက်တင်မကဘဲ ဘင်္ဂလားဒေရှ့်၊ သိရိလင်္ကာ တို့အတွက်ပါ အကျိုးစီးပွား ပြိုင်ဖို့တွေ ရှိနေပါတယ်။ စင်ကျင်းနဲ့ တိဘက် ဒေသ နှစ်ခုစလုံး တရုတ်ရဲ့ တရားဝင် နယ်နမိတ်ထဲ ကျရောက် နေရပေမဲ့၊ တရုတ် အစိုးရဟာ အမြဲတမ်း ဒေသခံ လူမျိုးစုများရဲ့ တင်းမာတဲ့ ဆက်ဆံရေးကို ကြုံနေရပါမယ်။ အကြောင်းက တရုတ်ရဲ့ အိနြေ္ဒရေမဲ့ အငမ်းမရ ဩဇာထူထောင်ချင်တဲ့ ပြဿနာ၊ ဟန် လူမျိုးကြီးတွေနဲ့  ဒေသခံ လူမျိုးစုတွေရဲ့ ပြဿနာ တွေက အစိုးရကို အမြဲခုခံ ဆန့်ကျင်မှုတွေ ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါတယ်။

တောင်ဘက်ရဲ့ အလားအလာ

တရုတ် ဩဇာလွှမ်းမိုးမှုက အရှေ့တောင်ဘက်ဆီလည်း ပျံ့နှံနေပါတယ်။ အရှေ့တောင် အာရှ နိုင်ငံများဟာ ပင်ကိုယ် အားဖြင့် အားပျော့သူများ ဖြစ်ပြီး၊ မဟာ တရုတ်ပြည်ကြီး ပေါ်ထွက်လာမှုကို ခုခံနိုင်စွမ်း အနည်းဆုံးသူများ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တရုတ်ရဲ့ စီးပွားရေး နိုင်ငံရေး အရှိန်အ၀ါက ဗီယက်နမ်၊ လာအို၊ ထိုင်း၊ မြန်မာ တို့အပေါ် အမြဲလွှမ်းနေတာပါ။ နောက် မဲခေါင် မြစ်အပေါ် အခြေပြုထားပြီး၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် နိုင်ငံများအားလုံးကို ကုန်းကြောင်း ရေကြောင်း တို့နဲ့ ချိတ်ဆက်ပေးတဲ့ အဓိက မြို့ကလည်း တရုတ်ရဲ့ ယူနန်ပြည်နယ်က ကူမင်း ပဲဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ အကြီးဆုံး နိုင်ငံတစ်ခုက မြန်မာပါ။ ပါကစ္စတန်ကို အာရှရဲ့ ဘောလ်ကန် ဒေသလို့ ပြောမယ်ဆိုရင်၊ မြန်မာ ကတော့ ၂၀ရာစု အစောပိုင်း ဘယ်လ်ဂျီယံ နိုင်ငံ အခြေအနေမျိုးမို့ အီမ်နီးချင်း နိုင်ငံများရဲ့ စားကျက် ဖြစ်သွားပါမယ်။ တရုတ် အရေးပေါ်လိုအပ်နေသမျှ သဘာဝ ရင်းမြစ်အားလုံးကို ချိနဲ့တဲ့ မြန်မာက ရင်းပေးရဖို့ ရှိပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့က မြန်မာပိုင် အိန္ဒိယပင်လယ်ပေါ်ရှိ စစ်တွေမှာ ရေနက် ဆိပ်ကမ်း အပြိုင်ဆောက်ဖို့ လုပ်နေကြပါတယ်။ ဘင်္ဂလားပင်လယ်ရှိ မြန်မာ့ ကမ်းလွန်တွင်းများကနေ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေ အစွမ်းကုန် ဆွဲထုတ်ယူဖို့ ရည်မှန်း ထားပြီး ဖြစ်ပါတယ်။

တရုတ်က အရှေ့တောင်အာရှ ဒေသတစ်ခုလုံးအတွက် ခွဲခြားသိမ်းပိုက်ရေး မဟာဗျူဟာ (divde-and-conquer) ကို နေရာတိုင်းမှာ ကျင့်သုံးပါတယ်။ အရင်တုန်းက အာစီယံ နိုင်ငံတွေအားလုံးကို ယူနစ်တခု အနေနဲ့ မဆက်ဆံပဲ တစ်နိုင်ငံချင်းစီ ခွဲခြား ဆက်ဆံခဲ့ပါတယ်။ အခု အာစီယံနဲ့ လွတ်လပ်သော ကုန်သွယ်ရေး ဒေသ သဘောတူချက် ရေးထိုးပြီးတဲ့နောက် နိုင်ငံအားလုံးနဲ့ ဆက်ဆံမှုကနေ အကျိုးအမြတ်ရဖို့ ပိုလုပ်ဆောင် လာပါတယ်။

အာစီယံ ဈေးကွက်ထဲ တရုတ် စက်မှုထုတ်ကုန်တွေ ရောင်းချပြီး၊ တန်ဖိုးနိမ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို ပြန်ဝယ်ပါတယ်။ ဒါက တရုတ်ရဲ့ ကုန်သွယ်မှုကို အမြတ်ပိုလျှံငွေ (surplues) ရရှိစေပြီး၊ အာစီယံ နိုင်ငံများအဖို့တော့ တရုတ်လုပ်သားများက ဈေးပေါပေါ ထုတ်တဲ့ မစွံတဲ့ လျှော့ဈေး အမှိုက်ပုံ နေရာကြီးလို ဖြစ်လာပါတယ်။ အဲဒီ့ အခြေအနေကို ထိုင်းနိုင်ငံမှာ သိသိသာသာ တွေ့နိုင်ပါတယ်။

တစ်ခါက ထိုင်းဟာ ဒေသတွင်း အားကောင်းတဲ့ နိုင်ငံဖြစ်ခဲ့ပေမဲ့၊ အခု ပြည်တွင်းနိုင်ငံရေး ပြဿနာများကြောင့် တရုတ်ကို တန်ပြန်ကျားကန် နိုင်မယ့် အနေအထား နည်းသထက် နည်းလာပါတယ်။ မကျန်းမမာတဲ့ ဘုရင်ကြီး နဲ့အတူ တော်ဝင်မိသားစုရဲ့ ဩဇာ ကျသထက်ကျလာပြီး၊ ထိုင်းစစ်တပ်အတွင်း အုပ်စုဖွဲ့မှုတွေ ရှိလာပါတယ်။

ဒီအချိန်မှာ တရုတ်က နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု ဖွံဖြိုးအောင်လုပ်ထားသလို၊ အာစီယံ နိုင်ငံများ အားလုံးနဲ့ပါ ဆက်ဆံရေး တိုးမြှင့် တည်ဆောက်လာပါတယ်။ အမေရိက အဖို့တော့ အီရတ်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံနဲ့ အကြမ်းဖက်တို့နဲပါ ပျာယာခတ်နေသမို့ တရုတ် ခြေလှမ်းကို ထိထိရောက်ရောက် အာရုံ မစူးစိုက်နိုင်သေးပါဘူး။

ထိုင်းရဲ့တောင်ဘက် မလေးရှားနဲ့ စင်္ကာပူ နှစ်နိုင်ငံစလုံးကလည်း မဟာသီယာ မိုဟာမက်နဲ့ လီကွမ်ယူတို့ မြင်ကွင်းက ပျောက်သွားပြီးနောက် ဒီမိုကရက်တစ် လမ်းကြောင်းအတွင်း စမ်းသပ်လျှောက်လှမ်း လာပါတယ်။ မလေးရှားမှာ တရုတ် လူနည်းစုက မူဆလင်-မလေး လူများစုရဲ့ ခြိမ်းခြောက်မှု ကြုံကြရပေမဲ့၊ မလေး စီးပွားရေးဟာ တရုတ်တို့ အရိပ်အောက် မှာပဲ ရှိပါတယ်။

စင်္ကာပူကတော့ တရုတ် လူမျိုး အများစု နေထိုင်ရာ နိုင်ငံလေး ဖြစ်ပေမယ့်၊ အစိုးရက တရုတ်ပြည်မရဲ့ လက်အောက်ခံ ဖြစ်ရမှာ သိပ်ကြောက်ပါတယ်။ ဒါကြောင့်လည်း မကြာခင်က ထိုင်ဝမ်နဲ့ စစ်ရေးပူးတွဲ လေ့ကျင့်မှုတွေတောင် လုပ်ခဲ့ ပါသေးတယ်။ လီကွမ်ယူ ကိုယ်တိုင်ကလည်း အမေရိကန် ပြည်ထောင်စုကို စစ်ရေးရော သံတမန်ရေးပါ ဒေသနဲ့ အမြဲထိစပ် ပေးထားဖို့ ပြောင်ပြောင်တင်းတင်း တိုက်တွန်းခဲ့ ပါတယ်။

အင်ဒိုနီးရှားကျတော့ တရုတ်ကို ကျားကန်ထားဖို့အတွက် အမေရိကန် ရေတပ်တည်ရှိခွင့် ပေးထားပါတယ်။ ဒီလို အမေရိကန်တွေကို နေရာပေးထားတဲ့အတွက် ကျန်အစ္စလမ် ကမ္ဘာရဲ့ မျက်မုန်းကျိုးမှာလည်း ပူပန်ရတာမို့ နှစ်ဘက်ကြား ညပ်နေပါတယ်။

မည်သို့ဆိုစေ၊ အရှေ့တောင်အာရှမှာ အမေရိကန် ဩဇာပါဝါ လဆုတ်ရက်တွေ ရောက်လာနေပြီး၊ ပေကျင်း အစိုးရရဲ့ ခွဲခြား-သိမ်းပိုက်ရေး မဟာဗျူဟာက ခေါင်းထောင်လာပါတယ်။ ဒါကို ကျားကန်နိုင်ဖို့အတွက် အာရှဒေသတွင်း နိုင်ငံများဟာ အချင်းအချင်း မဟာမိတ် ပြုလာကြရပါတယ်။

ဥပမာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့ဟာ ခိုးတတ်လွန်းတဲ့ တရုတ်ကို ကာကွယ်ဖို့ မူပိုင်ခွင့် ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ ဒီနိုင်ငံတွေ ပိုမို ပေါင်းစည်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် လာနိုင်တာနဲ့အမျှ၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို အနည်းနဲ့အများ ဟန့်တား ထားနိုင်မှာ ဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်

ဗဟိုအာရှ၊ မွန်ဂိုလီယား၊ ရုရှား အရှေ့ဖျားနဲ့ အရှေ့တောင် အာရှတို့ဟာ တရုတ် ဩဇာလွှမ်းမိုးနိုင်ဖို့ သဘာဝဇုံတွေ ဖြစ်ပါတယ်။ သို့သော် ဒီဇုံတွေရဲ့ နိုင်ငံရေး နယ်နမိတ်တွေက အပြောင်းအလဲ သိပ်မရှိလို့ ထူးထူးခြားခြား ပြဿနာ ဖြစ်မယ့်ပုံ မပေါ်ပါဘူး။ ကိုရီးယား ကျွန်းဆွယ်ကျတော့ တမူခြားနားပါတယ်။ တရုတ် မြေပုံက အဲဒီ့နားမှာ အတိခံထားရပြီး၊ နိုင်ငံရေး နယ်နမိတ် ပြောင်းရွှေ့ သွားနိုင်ပါတယ်။

အထီးကျန် မြောက်ကိုရီးယား အစိုးရဟာ အခြေခံအားဖြင့် မတည်ငြိမ်တဲ့ သဘောရှိပြီး၊ သူ  ပြိုကွဲ ပျက်ပြားရင် ဒေသကြီး တစ်ခုလုံးကို အကျိုးသက် စေပါလိမ့်မယ်။ မန်ချူးရီးယားကနေ ငေါထွက်နေတဲ့ ကိုရီးယား ကျွန်းဆွယ်ဟာ တရုတ် အရှေ့မြောက်ဘက် ပယ်လယ်ရေကြောင်း သွားလာရေး အားလုံးကို ထိန်းချုပ် ထားနိုင်ပါတယ်။

တရုတ်က ကိုရီးယား ကျွန်းဆွယ်ရဲ့ အစိတ်အပိုင်းတွေကို သိမ်းပစ်ဖို့ ဆိုတာတော့ ဘယ်သူမှ မမျှော်လင့်ပါဘူး။ နို့ပေမဲ့ မြောက်ဘက်ကိုတော့ အချုပ်အခြာ ပိုင်ဆိုင်ခွင့် အကြောင်းပြရင်း ဆရာကြီး အမြဲလုပ်ထားမှာ ဖြစ်ပါတယ်။ ကင်ဂျုံးအီရဲ့ ကွန်မြူနစ်အစိုးရကို ထောက်ခံပေးထားသလို၊ တဘက်မှာလည်း ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံးနဲ့ ပတ်သက်တဲ့ အစီအ စဉ်တွေ တရုတ်မှာ ရှိနေပါတယ်။

တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆုံတွေ့ရာ တူမန်မြစ် ဒေသဟာ ဆိပ်ကမ်းကောင်းတွေ ရှိပြီး၊ ပစိဖိတ် သမုဒ္ဒရာပေါ်က ဂျပန် သင်္ဘောတွေ ၀င်ထွက်ဖို့ ရှိပါတယ်။ ဒီဒေသကို စီးပွားရေးအရ ပုံမှန် ကြီးစိုးထားပြီး နိုင်ငံရေး အခြေခံ (base) တည်ထားဖို့ တရုတ်က စီမံနေပါတယ်။ ဒီရည်ရွယ်ချက်အတွက် မြောက်ကိုရီးယား ကနေ ထွက်ပြေးပြီး အခု တရုတ်ပြည်မှာ လာရောက် ခိုလှုံနေသူ ထောင်ပေါင်းများစွာကို အတင်း ပြန်ပို့ရင်း၊ မြောက်ကိုရီး အစိုးရနဲ့ သူ့စီမံကိန်း အတွက် အပေးအယူ လုပ်နေ ပါတယ်။

တကယ်တော့ ပေကျင်းအစိုးရက မြောက်ကိုရီးယားကို ပိုမိုတိုးတက် ခေတ်မှီတဲ့ အာဏာရှင်နိုင်ငံ ဖြစ်စေချင်ပုံ ရပါတယ်။ မြောက်ကိုရီးယားကို တရုတ်နဲ့ လူလတ်တန်းစား တိုးတက်များပြားလာတဲ့ တောင်ကိုရီးယား အကြားမှာ ကြားခံ အဖြစ်ထားချင်ပါတယ်။ ကိုရီးယား ကျွန်းဆွယ် ပြန်လည် ပေါင်းစည်း သွားရင်တောင်မှ အဆုံးမှာ ပေကျင်းအစိုးပဲ အမြတ် ရဦးမယ်လို့ အပိုင်တွက်ထားပြီး ဖြစ်ပါတယ်။

ကိုရီယားကျွန်းဆွယ်ဟာ ပြန်လည်ပေါင်းစည်းဦးတော့ အမျိုးသားရေး ၀ါဒပြင်းထန်ပြီး အတိတ်မှာ သူ့ကို သိမ်းပိုက်ဖို့ ကြိုးစားဖူးတဲ့ တရုတ်နဲ့ ဂျပန်တို့ကို ရန်လိုစိတ်တွေ မွေးပါမယ်။ သို့နှင့်တိုင် ကိုရီယားရဲ့ မုန်းတီးမှုက တရုတ်ထက် ဂျပန်ပေါ်မှာ ပိုကြီးပါတယ်။ ဂျပန်က ၁၉၁၀ကနေ ၁၉၄၅ အထိ သိမ်းပိုက်ထားခဲ့ပြီး၊ အခုထိလည်း ကျွန်းနှစ်ကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွား နေရတုန်းပါပဲ။

ကိုရီးယားကျွန်းဆွယ်ဟာ စီးပွားရေး အရ ဆက်ဆံမှုမှာ ဂျပန်ထက် တရုတ်နဲ့ ပိုကြီးမားလာဖို့ပဲ ရှိပါတယ်။ တကယ်လို့ ပေါင်းစည်းဦးတော့ ကိုရီးယားကိုလည်း ဆိုးလ် ဘက်ပဲ အနည်းနဲ့အများ ထိန်းချုပ်ထားနိုင်ဖို့ ရှိပါတယ်။ လက်ရှိမှာတော့ တရုတ်က တောင်ကိုရီးယားရဲ့ ကုန်သွယ်ရေး ပါတနာ ဖြစ်နေပါတယ်။

အဆုံးစွန်တွက်ရင်  ပေါင်းစည်းရင်ပဲဖြစ်ဖြစ်၊ အမြဲကွဲနေတာပဲဖြစ်ဖြစ် ကိုရီးယားကျွန်းဆွယ်ဟာ ပေကျင်းဘက်ကို တဖြည်း ဖြည်း ယိမ်းလာပြီး၊ ဂျပန်နဲ့ စိမ်းသထက် စိမ်းကားသွားမယ်။ ရေရှည်မှာ အမေရိကန် တပ်တွေကိုလည်း အိမ်ရှင် အဖြစ် လက်ခံမှာ မဟုတ်တော့ဘူး လို့ တရုတ်က တွက်ပါတယ်။ ကိုရီးယားရဲ့ ရေရှည် အနာဂတ်က မဟာတရုတ်ကြီး လက်တွင်းမှာပဲ ရှိပြီး၊ အရှေ့မြောက် အာရှမှာ အမေရိကန်ရဲ့ ဩဇာတည်ရှိမှု လျော့ပါး ကျဆင်းသထက် ကျဆင်းသွားပါလိမ့်မယ်။

  ထိုင်ဝမ် အနာဂတ်

မဟာ တရုတ်ပြည်ကြီး ပေါ်ထွက်ရေးမှာ ထိုင်ဝမ် အနာဂတ်က အရေးပါ နေပါတယ်။ ထိုင်ဝမ် ပြဿနာကို အမြဲတမ်း ကျင့်ဝတ်စံနှုန်းတွေ အပေါ်မှာ တင်ဆွေးနွေးတတ်ကြပါတယ်။ ပေကျင်းဘက်က တရုတ် အမျိုးအနွယ် အားလုံး ကောင်းကျိုး အတွက် ပြန်လည် ပေါင်းစည်းဖို့၊ အမျိုးသား ဘိုးဘွား အမွေကို ကြံခိုင်အောင် လုပ်ကြဖို့ ပြောပါတယ်။ ၀ါရှင်တန် ကတော့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ မော်ဒယ်လ် အပျိုရည်မပျက်စေဖို့ ထိန်းထားသင့်ကြောင်း ကာကွယ်ပြောပါတယ်။

 သို့သော် တကယ့်ပြဿနာက ပထ၀ီနဲ့ ဆိုင်ပါတယ်။ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်ကာသာ က “ထိုင်ဝမ်ဟာ တရုတ်ပင်လင်မှာ ဘယ်တော့မှ မနစ်မြှုပ်စေရမယ့် လေယဉ်တင် သင်္ဘောပဲ” လို့ တင်စား သတိပေး ပြောဆိုထားပါတယ်။ အမေရိကန်လို ပြင်ပ အင်အားတစ်ခုက တရုတ် ကမ်းရိုးတမ်း တလျှောက် ၀င်ထွက်ဖို့အတွက် ထိုင်ဝမ်ကို အမြဲ ကိုင်ထားဖို့ လိုပါမယ်လို့ ပြောခဲ့ခြင်း ဖြစ်ပါတယ်။

တကယ်လို့ ထိုင်ဝမ်သာ တရုတ်ပြည်မ ရင်ခွင်ထဲ ပြန်ဝင်သွားရင်၊ တရုတ် ရေတပ်ဟာ မဟာဗျူဟာ အကျဆုံး အနေအထား ရောက်ရှိသွားပြီး မကြုံစဖူးအောင် အင်အားကြီးမား သွားပါလိမ့်မယ်။ နောက်လာမယ့် ကမ္ဘာ့ အစီအစဉ်သစ် (World Order) မှာ ၀င်ရိုးစုံ စစ်ရေး (multipolar military) မပေါ်ထွန်းအောင် အမေရိကန်က သတိထား ဆောင်ရွက်နေပါတယ်။ သူနဲ့ အပြိုင် စစ်တပ်မျိုး ဘယ်ဒေသမှာမှ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ ထိုင်ဝမ်သာ ပြည်မနဲ့ ပြန်ပေါင်းထုတ်သွားရင်တော့ အရှေ့အာရှကနေ အမေရိကကို သေချာပေါက် စိန်ခေါ်မယ့် အပြိုင် စစ်ဝင်ရိုး တစ်ခု ပေါ်ထွက်လာတော့မှာ အမှန်ပါပဲ။

 ထိုင်ဝမ် အပေါ် အင်အားလွှမ်းမိုးဖို့ အတွက်၊ တရုတ် ရေတပ်က တောင်တရုတ်ပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာရှိ တရုတ် ဂိတ်ပေါက်နဲ့ ကမ္ဘာ့ ဟိုက်ဒရိုကာဗွန် သယ်ယူပို့ဆောင်ရေး ပင်လယ်လမ်းကြောင်းတွေကို အကွက်ချ စီမံ နေပါတယ်။ တရုတ် ရေနံတင် သင်္ဘောများ လုံခြုံစွာ ဖြတ်သန်းသွားလာဖို့အတွက် ပင်လယ်ဓားပြရန်နဲ့ အစွန်းရောက် အစ္စလမ်ရန်တို့ကို ကာကွယ်နေပြီး၊ အိန္ဒိ ရေတပ် အားကြီးမလာအောင် စီမံလုပ်ဆောင် နေပါတယ်။

မဟာဗျူဟာ အရေးပါမှုအရ ကြည့်ရင် တောင်တရုတ်ပင်လယ်ဟာ `ဒုတိယ ပါရှင် ပင်လယ်ကွေ့´ လို့ တင်စားကြပါတယ်။ ပထ၀ီ နိုင်ငံရေး ပညာရှင်များ အလိုအရ ဂရိတွေက အေဂျီယန် ပင်လယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ရောမက မြေထဲပင်လယ်ကို ထိန်းချုပ်ခဲ့တယ်။ အမေရိကန်က ကာရစ်ဘီယန် ကို စိုးမိုးတယ်။ အခု တရုတ်က တောင်တရုတ်ပင်လယ်ကို ထိန်းချူပ်ပါတော့မယ်။

ပထ၀ီနိုင်ငံရေး ဆရာကြီးများ အဖို့တော့ ကာရစ်ဘီယန်ကို အမေရိကန် ပြည်ထောင်စုရဲ့ မြေထဲပင်လယ်လို့ ၀ိဂြိုလ်ပြုရင်၊ လာမယ့် ဆယ်စုနှစ်များမှာ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ အာရှ မြေထဲပင်လယ် ဖြစ်တော့မှာ မလွဲအောင်ပါပဲ။

မဟာ တရုတ်ပြည်သစ်

မဟာ တရုတ်ပြည်ဟာ ဗဟိုအာရှ၊ အိန္ဒိယ ပင်လယ်၊ အရှေ့တောင်အာရှနဲ့ အနောက်ဖက် ပိစိဖိတ်တို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့အတူ ထူးခြားစွာ ပေါ်ထွက်လာမယ့်ပုံပါ။ တဆက်ထဲ အမေရိကန် စစ်သင်္ဘော အခြေစိုက် စခန်းများကို ကျော်လွန်ပြီး၊ ဂျပန်၊ အိန္ဒိယ၊ အခြား ဒီမိုကရေစီ နိုင်ငံများနဲ့ ပိစိဖိတ် ရေတပ် ပူးတွဲ ဆောင်ရွက်မှုတွေ လုပ်လာပါလိမ့်မယ်။ တရုတ်က အပြာရောင် ပင်လယ်ပြင် ပိုင်စိုးမှုမှာ နယ်မြေ ကန့်သတ် ထိန်းချူပ်မှုထက် သက်ဆိုင်ရာ နိုင်ငံများရဲ့ ရေတပ်တွေနဲ့ မဟာမိတ် ဖွဲ့တည်မှုကို ပိုအာရုံကျ ပုံရပါတယ်။

သို့နှင့်တိုင် စစ်ရေးအရ အမေရိကနဲ့ တရုတ် ဆက်ဆံရေးဟာ အရင် အမေရိကနဲ့ ဆိုဗီယက် ဆက်ဆံရေးထက် ပိုတည်ငြိမ်မှု ရှိပါလိမ့်မယ်။ ဒါကလည်း ထူးခြားတဲ့ အရှေ့အာရှ ပထ၀ီ အနေအထားကြောင့် ဖြစ်ပါတယ်။ စစ်အေးခေတ်မှာ ဆိုဗီယက်ကို ထိန်းချူပ်ဖို့ အမေရိကန် အနေနဲ့ ပင်လယ် ရေကြောင်း အင်အား တစ်ခုထဲနဲ့ မလုံလောက်ဘူး။ ဥရောပ ကုန်းမြေကို အသုံးပြုရပါတယ်။

အခု တရုတ်ကို ထိန်းချူပ်ဖို့ အတွက်ကျတော့ တရုတ် ပတ်ပတ်လည်မှာ အမေရိကန် အခြေချ နိုင်မယ့်မြေ သိပ်မရှိလှတာမို့၊ အမေရိကန် ရေတပ်ဟာ တရုတ် ရေတပ်ထက် ဆက်ပြီးကြီးမား ကြံခိုင်နေအောင် လုပ်ထားရမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်စီးပွားရေး စစ်ရေး အင်အား တိုးမြင့်လာမှုက ရှေ့လာမယ့် နှစ်တွေမှာ အမေရိကန် တရုတ် တင်းမာမှု အရှိန်မြင့်နေမှာပါပဲ။  နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန် မီယာရှီးမားရဲ့ အမြင်အရ ဆိုရင် အနောက် ကမ္ဘာခြမ်းကို ကြီးစိုးခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အရှေ့ ကမ္ဘာခြမ်း အများစုကို လွှမ်းမိုး ကြီးစိုးတော့မယ့် မဟာတရုတ်ကို ဟန့်တားဖို့ ကြိုးစား ပါလိမ့်မယ်။ အဲဒါကိုက ယနေ့ခေတ်ရဲ့ အထူးခြားဆုံး အကြီးကျယ်ဆုံး ဒရမ်မာ တစ်ပုဒ် ဖြစ်နေပါလိမ့်မယ်။

ရဲနွယ်မိုး

ရည်ညွန်း။ Monsoon: The Indian Ocean and the Future of American Power  by Robert D.Kaplan မှ    ထုတ်နှုတ် တင်ပြသည်။

(အလင်းရနံ ဂျာနယ် အမှတ် ၅ တွင် ဖော်ပြပြီး ဖြစ်ပါသည်။)

Facebook: ဝေဟင်ချစ်သူ
https://www.facebook.com/theuseofforce
တရုတ် အင်အားအတွက် ပထ၀ီနိုင်ငံရေး

https://www.facebook.com/theuseofforce

၁၉၀၄ ခုနှစ်မှာ အင်္ဂလိပ် ပထ၀ီ ပညာရှင် ဆာဟယ်လ်ဖိုဒ့် မက်ကင်ဒါ က သူရဲ့ ကျော်ကြားတဲ့ ဆောင်း
ပါး တစ်ပုဒ် ဖြစ်တဲ့ `သမိုင်း၏ ပထ၀ီ ဆိုင်ရာ ဆုံချက်´ (The Geographical Pivot of History) အတွက် တရုတ်ကို

images000000(၁) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ပါဝင်ဖွဲ့စည်းပါက ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရပင် ပြည်ထောင်စု အဆင့် သတ်မှတ်ရမည်ဖြစ်သည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီနှင့် ကော်မရှင်များဖြစ်လျှင်မူ ယင်းတို့ကို ပြည်ထောင်စုအဆင့် မသတ်မှတ်နိုင်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပါက ယင်းဆုံးဖြတ်ချက်ကို လက်ခံရမည်သာ ဖြစ်သည်။
(၂) လွှတ်တော်သို့ ပြန်ကြားသည့် သမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့ပါစာအရ ရှေ့နေချုပ် ရုံးကတင်သွင်းခဲ့၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့် ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင်ဟူသောအချက်သည် သဘာဝကျသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ အမြင့်ဆုံးတရားရုံးဖြစ်နေသဖြင့် မိမိဆုံးဖြတ်ထားသည်ကို မိမိပြန်ပြင်ရမည်ဆိုလျှင် တရားရုံးဟူ၍ပင် ခေါ်၍မရနိုင်ပါ။ တချိန်တည်းတွင် ခွဲခွဲခြားခြားမစဉ်းစားခဲ လွှတ်တော်ကိုယ်စားလှယ်များ သက်သက်ဖြင့် ဖွဲ့စည်းထားလျှင်ပင် ပြည်ထောင်စု အဆင့်မသတ်နိုင်ဟု တရားရုံးကဆုံးဖြတ်ခဲ့ပါက ယင်းမှာလည်း လွဲချော်နေပြန်ပါသည်။
(၃) ယနေ့ သြဂုတ်လ (၂၁) ရက်နေ့နံက် ဘီဘီစီ အင်တာဗျူးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် ဖြေကြားသွားသည်တို့အနက် အောက်ပါနှစ်ချက်မှာ လက်ခံနိုင်ဘွယ်မရှိပါ။
(က) သမ္မတ ဦးသိန်းစိန် အဆိုပြုသည့် ဖွဲ့စည်းပုံပြင်ရေးကို လက်မခံနိုင်ရခြင်းမှာ လွှတ်တော်ဘက်က အားနည်းချက် ဖြစ်သွားမည်ကို မလိုလား၊ ၄င်းတို့ဘက်က အမှန်ဟု ယူဆသည်။
(ခ) ဦးသိန်းစိန် ခန့်ထားသည့် အစိုးရ၀န်ကြီးအဖွဲ့ဝင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများ မပါဝင်သော်လည်း လွှတ်တော်က ၄င်းတို့အား ပြည်ထောင်စု အဆင့်သတ်မှတ်သည်။ လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများ မပါဝင်သော်လည်း အစိုးရက ၄င်းတို့အား ပြည်ထောင်စုအဆင့် သတ်မှတ်လက်ခံရမည် ဖြစ်သည်။ ဦးဘုန်းမြင့်အောင်၏ အထက်ပါ တင်ပြချက် နှစ်ချက်အပေါ် အောက်ပါအတိုင်းသုံးသပ်သည်။
(က) လွှတ်တော်ဘက်က အားနည်းချက် ဖြစ်ခြင်းမဖြစ်ခြင်းမှာ အဓိကမဟုတ်ပါ။ State Institutions ဟုခေါ်သည့် တိုင်းပြည်တည်ဆောက်မှု အဆောက်အအုံတစ်စုံလုံး ပုံမှန်လည်ပတ်ရေး အခြေခံကသာ ကြည့်ရန်လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီနှင့် ကော်မရှင်များအား ပြည်ထောင်စုအဆင့်အဖြစ် အတင်းအကြပ် သတ်မှတ်ခိုင်းခြင်းမှာ မမှန်ပါ။ သူရဦးရွှေမန်း၏ သား တိုးနိုင်မန်းဆိုသူမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်ပါဘဲလျှက် လွှတ်တော်ကဖွဲ့ပေးသည့် ကော်မရှင်တစ်ခုထဲတွင် ပါနေသည်ဟူသော စွပ်စွဲချက် ထွက်ပေါ်လျှက်ရှိသည်။ ယင်းကိုဟုတ်မဟုတ် စီစစ်သင့်ပါသည်။
(ခ) Presidential System ဟုခေါ်သည့် သမ္မတစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများအား အစိုးရအဖွဲ့ဝင်များအနေဖြင့် ခန့်ခွင့်ရှိသည်။ ယင်းကို တကမ္ဘာလုံးတွင် ကျင့်သုံးလျှက်ရှိသည်။ ဤစနစ်ကို မကြိုက်လျှင် ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ်ကို ပြောင်းရပါမည်။ ယင်းတွင်အစိုးရ အဖွဲ့ဝင်များအားလုံးသည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ရပါမည်။ သမ္မတစံနစ်ကို လက်ခံကျင့်သုံးလျှင်မူ လွှတ်တော်အား သမ္မတဦးဆောင်သည့် အစိုးရဖွဲ့စည်းပုံနှင့် တထပ်တည်း စဉ်းစား၍မရပါ။ လွှတ်တော်က ဖွဲ့ပေးလိုက်သည့် ရိုးရိုးက်ာမတီနှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါဝင်ခြင်းမှာ ပြသနာမဟုတ်ပါ။ သို့ရာတွင် လွှတ်တော်က ဖွဲ့စည်းပေးလိုက်ပြီး ပြည်ထောင်စုအဆင့် ရှိစေလိုသည့် ကော်မတီနှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများအား ပါဝင်စေလျှင်မူ ဖေါင်းပွပြီး တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားပါမည်။ မလိုလားအပ်သော ပြဿနာများ တောက်လျှောက် ပေါ်နိုင်ပါသည်။
(၄) ဤ အကြပ်အတည်းကို ကျော်လွှားရန်မှာ တစ်နည်းသာရှိသည်။ ယင်းမှာ သမ္မတဦးသိန်းစိန် အကြံပေးသည့်အတိုင်း ဖွဲ့စည်းပုံကို ပြင်လိုက်ရန်ဖြစ်သည်။ စင်စစ်အားဖြင့်မူ ဦးသိန်းစိန်အနေဖြင့်လည်း ဖွဲ့စည်းပုံကို ပြင်ခြင်လွန်းလှလို့တော့ ဟုတ်ပုံမရပါ။ အခြားထွက်ပေါက်ရှာ၍ မတွေ့သဖြင့်သာ ဖြစ်ပုံရသည်။ အရင်းခံပြသနာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးများအပေါ် အယုံအကြည်နည်းကြသည့် နောက်ခံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတ ဦးသိန်းစိန် စိတ်ကြိုက် ခန့်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်နေသည်။ ၄င်းတို့အား ဦးသိန်းစိန်က စဉ်းစားခဲ့ရာ၌ အဂတိ တရားလေးပါးဖြစ်သော ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ကင်းစွာ လွတ်လပ်၊ ဘက်မလိုက်ဘဲ ထက်မြက်ရဲတင်းစွာ ဆုံးဖြတ်လုပ်ကိုင်မည့် ပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ခဲ့ခြင်း မဟုတ်ကြောင်း ၄င်း၏ စာအရ ထင်ရှားနေသည်။ အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ ဖြစ်၍ ရွေးချယ်ခဲ့ခြင်းဟူသည်မှာ နိုင်ငံရေးအရ စဉ်းစားခြင်း ဖြစ်သည်။ ခိုင်းတာလုပ်မည့် ပုဂ္ဂိုလ်များအဖြစ် ယုံကြည်၍ ခန့်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားနေသည်။ ဤသည်ကို လုံးဝလက်မခံသင့်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြခြင်းမှာ ဤအခြေခံကြောင့် ဖြစ်သည်။ ဤအခြေခံကို အမြန်ဆုံးပြန်ပြင်ပြီးမှသာ အမြင့်ဆုံးတရားရုံးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသည့် အစဉ်အလာကောင်းအား မြန်မာနိုင်ငံတွင် စတင်ထူထောင်နိုင်ပါမည်။
(၅) ၂၀၀၈ ဖွဲ့စည်းပုံကို စတင်ပြင်ဆင်ရန်မှာ ယခုအချိန်ကောင်းဖြစ်သည်။ အခန်း (၆) တရားစီရင်ရေးနှင့် စပ်လျှဉ်းသော ကဏ္ဍတစ်စုံလုံးကို ပြင်လိုက်ရန်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ တရားရုံးကို သီးခြားခွဲထုတ်ထားသည့်အပြင် တရားသူကြီးများအား သမ္မတလုပ်သူက စိတ်ကြိုက် ခန့်ခွင့် ဖြုတ်ခွင့်ရှိသော ပြဌာန်းချက် ပါရှိနေသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မရှိနိုင်ပါ။ စစ်ဘက်ဆိုင်ရာ တရားရုံးများအား သီးခြားခွဲထုတ်ထားသည့် ပြဌာန်းချက်ကို ဖျက်သိမ်းလိုက်ရန်လိုပါမည်။ တည်ဆဲ ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေကို အသက်သွင်းရန်လိုပါမည်။ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တရားစီရင်ရေး ယန္တယားကြီးပေါ်ပေါက်လာအောင် တရားသူကြီးချုပ်များ အားမည်သို့ခန့်သင့် ဖြုတ်သင့်သည်ကို လူထုထံမှ သဘောထားတောင်းခံသည့် လှုပ်ရှားမှုကြီး စတင်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျှဉ်းသော ကိစ္စများကို စစ်အစိုးရကဖွဲ့စည်းပေးထားသော လွှတ်တော်ကွက်ကွက် ကလေးအတွင်းမှာသာ စဉ်းစားခြင်းမျိုးမဖြစ်သင့်တော့ပါ။ လူထုများပါ ပါဝင်ပတ်သက်ခွင့်ရအောင်၊ လူထု၏ သဘော ဆန္ဒများကျယ် ကျယ်ပြန့်ပြန့် ထုတ်ဖေါ်ခွင့်ရအောင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ လူထုအသင်းအဖွဲ့များ၊ သတင်းဌာနများက ကမကထ ပြုကြမည်ဆိုလျှင် စစ်မှန်သော ဥပဒေစိုးမိုးရေး အတွက် အထောက်အကူဖြစ်ပါမည်။
(၆) ဖွဲ့စည်းပုံကို ပြင်ပြီးနောက် တရားသူကြီးများအား အစမှအဆုံး အသစ်ပြန်ခန့်နိုင်သည်။ ပြည်ထောင်စု အဆင့်သတ်မှတ်ရေး ကိစ္စအားလည်း အတိအကျ ထည့်သွင်းပြဌာန်းနိုင်သည်။ သို့မဟုတ်ပါက ဒေါ်အောင်စုကြည်ဦးဆောင်သော ကော်မတီသည်ပင် ပြည်ထောင်စု အဆင့်မရှိတော့ပြီမှာ သေချာသည်။ ပြည်ထောင်စု အဆင့်မရှိလျှင် တိုင်းနှင့်ပြည်နယ်အဆင့်သာ ရှိပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်သို့ပင် နှိမ့်ချစွာ ခေါင်းငုံ့ဝင်ရောက်ပါလျှက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ လူထုခေါင်းဆောင်မျိုးကို တိုင်းနှင့်ပြည်နယ် အဆင့်လောက်မှာသာ အလုပ်ပေး ထားခြင်းမျိုးမဖြစ်သင့်ပါ။ စစ်အာဏာရှင်များ၏ ဖွဲ့စည်းပုံဆိုင်ရာ လှည့်ကွက်များကိုဖေါ်ထုတ် ဆန့်ကျင်လှုပ်ရှား သင့်ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်
မာနိုင်ငံတော် နိုင်ငံတော်သမ္မ
တဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ
  (၂) နာရီတွင် နိုင်ငံတော် ဗဟို

သံဃာ့ဝန်ဆောင်ဆရာတော်ကြီး အမှူးပြုသော ဆရာတော် ကြီးများ၊ အစ္စလာမ်ဘာသာဝင် အကြီးအကဲများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် တည်ငြိမ် ရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဖြစ်စဉ် အခြေအနေဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ ရှင်းလင်းပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်-
အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြကုန်သော ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် ဆရာတော်ဘုရားများနှင့်တကွ အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ကြသော အစ္စလာမ် ဘာသာဝင် အကြီးအကဲများအား ယခုကဲ့သို့ ပင့်ဖိတ်ရခြင်းသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် သင်ခန်းစာများ ရယူပြီး နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန် နိုင်ငံတော် အစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများနှင့် ကြွရောက်လာကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များထံမှလည်း အကြံဥာဏ်ကောင်းများ ရယူရန် ယခုကဲ့သို့ ဖိတ်ကြား တွေ့ဆုံ ရခြင်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် အတွင်း ရခိုင်ပြည်နယ်တွင် အတူတကွ နေထိုင်ကြသည့် သူများ အချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ် (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုပြည်နယ်အတွင်း စုစုပေါင်း သေဆုံးသူ ယောင်္ကျား မိန်းမ (၁၆၇ ) ဦး၊ ဒဏ်ရာရသူ ယောင်္ကျား မိန်းမ (၂၂၃)ဦး ရှိခဲ့ပြီး မီးရှို့ ဖျက်ဆီးခံရသည့် အိုးအိမ်နှင့် အခြား အဆောက်အဦ ပေါင်း (၁၀၁၀၀) လုံး ရှိခဲ့ပါတယ်။ ထိုသို့အိုးအိမ်များ မီးရှို့ဖျက်ဆီး ခံရမှုကြောင့် အိမ်ထောင်စုပေါင်း (၁၆၉၈၀)၊ လူဦးရေ (၁၁၁၀၀၀) တို့သည် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ပြီး အတိဒုက္ခများစွာ ရောက်ခဲ့ကြရသဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ စေတနာရှင် ပြည်သူများ ကမ္ဘာ့ကုလသဂ္ဂဌာနေ အဖွဲ့အစည်းများ၊ နိုင်ငံအချို့နှင့် အသင်းအဖွဲ့ အချို့တို့မှ အကူအညီများ ရယူပြီး လတ်တလော အဆင်ပြေစေရန်အတွက် ကျွေးမွေး စောင့်ရှောက်ထားရပါတယ်။
ဤကဲ့သို့ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရာဇဝတ်မှု ကျူးလွန်ဖြစ်ပွားခဲ့သည့် ဖြစ်ပွားမှု တစ်ခုအပေါ် မကျေမနပ်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုကို လက်ခံ လိုက်နာရမည့်အစား ဒေါသအလျောက် အုပ်စုတစ်ခုနှင့်တစ်ခု သတ်ဖြတ်မှုများ ဖြစ်ပွား ကျူးလွန်ရာမှ ကြီးမားကျယ်ပြန့်သည့် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းရောက်ရှိကာ ယခုကဲ့သို့ သေဆုံးမှု၊ ပျက်စီးမှုနှင့် အတိဒုက္ခရောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဤ ဆုံးရှုံးမှုအားလုံးသည် နိုင်ငံတော်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါတယ်။
ဤကဲ့သို့ ဒေသအတွင်း အကြမ်းဖက် သတ်ဖြတ်မီးရှို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား လာစေရန် လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန်သူ အချို့မှလည်း နောက်ကွယ်မှ မမှန်ကန်သော နည်းလမ်းများဖြင့် မြှောက်ပင့် သွေးထိုး လှုံ့ဆော်ပေးမှုများ ရှိခဲ့သည့်အပြင် ပြည်ပအဖွဲ့ အစည်း အချို့နှင့် နိုင်ငံအချို့တို့မှလည်း မမှန်မကန် လုပ်ကြံသတင်းများ ထုတ်လွှင့်၍ ပြဿနာပိုမို ကြီးထွားလာအောင် လုပ်ဆောင်မှုများလည်း ရှိခဲ့ပါတယ်။
မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီးမှုများသည် မိမိတို့ အစိုးရသစ်လက်ထက် အဖက်ဖက်မှ ပြောင်းလဲတိုးတက်နေသည့် အရှိန်အဟုန်ကို များစွာ ထိခိုက်စေပြီး ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအပေါ် စွပ်စွဲ ပြစ်တင်မှုများလည်း ဖြစ်ပေါ် ခဲ့ပြီး ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့နှင့်လည်း ပြဿနာများကို မိမိတို့ အစိုးရမှ ယနေ့တိုင် ရင်ဆိုင် ဖြေရှင်း နေရဆဲ ဖြစ်ပါတယ်၊
ရခိုင်ပြည်နယ်တွင် အစ္စလာမ် ဘာသာ ကိုးကွယ်သည့် ဘင်္ဂါလီလူမျိုးများသည် ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ရှိခဲ့ပြီး ၁၈၇၂ ခုနှစ်၊ ဗြိတိသျှတို့ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မဟာမေဒင် (၅၈,၂၅၅) ဦးရှိခဲ့ပါတယ်။ ၎င်းတို့သည် လယ်ယာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး မူလက လယ်ယာလုပ်ငန်းခွင် ပြီးသည်နှင့် တစ်ဖက်နိုင်ငံသို့ ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် မပြန်ကြတော့ဘဲ အတည်တကျ နေထိုင်လာခဲ့ ကြပါတယ်။ အတည်တကျ နေထိုင်သူများမှ ပေါက်ဖွားလာကြသူများ၊ တစ်ချို့ တရားမဝင် ဝင်ရောက်လာကြသူများ ရှိခဲ့သဖြင့် ယခင်အစိုးရအဆက်ဆက် လက်ထက်တွင် ဤကိစ္စကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် စနစ်တကျ စီမံဆောင်ရွက် တားဆီးခဲ့သည်များ ရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလ ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် (၁၇) မြို့နယ်အနက် (၁၁) မြို့နယ်၌ ပဋိပက္ခကြောင့် ပြည်သူများ ဒုက္ခခံစားခဲ့ကြရပါတယ်။ ဒုက္ခခံစားရသည့် ပြည်သူများတွင် အမျိုးသမီး (၅၃.၈%)၊ အမျိုးသား (၄၆.၂ %) နှင့် (၁၂) နှစ်အောက် ကလေး (၄၂.၉ %) ပါဝင်ကြောင်းတွေ့ရှိရသဖြင့် အဓိက ထိခိုက် ခံစားရသူများမှာ အမျိုးသမီးများနှင့် ကလေးများသာ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။
ဒုက္ခသည်များ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် လတ်တလော လိုအပ်သည့် လူသားချင်း စာနာမှု အထောက်အပံ့များ ပေးအပ်ရန် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၃ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်စာအမေရိကန် ဒေါ်လာ (၆၆.၅) သန်းခန့် လိုအပ်မည်ဟု ခန့်မှန်း တွက်ချက်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခသည် (၇၅,၀၀၀)အတွက် စားနပ်ရိက္ခာဖိုး သက်သက်ပင်လျှင် တစ်လလျှင် အမေရိကန်ဒေါ်လာ (၁) သန်းကုန်ကျခဲ့ပါတယ်။
ယင်းလူမှုပဋိပက္ခ ဖြစ်စဉ်များကြောင့် ဒုက္ခသည် (၁၁၁၀၀၀) ခန့်မှာ အတိဒုက္ခနှင့် ရင်ဆိုင်နေရသည် သာမက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူ (၃၂) သိန်း မှာလည်း စိတ်ချလုံခြုံမှုမရှိဘဲ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းလျက်ရှိသည့် အခြေအနေနှင့် ရင်ဆိုင် နေရပါတယ်။ ပဋိပက္ခဖြစ်စဉ် မရှိခဲ့သော ရခိုင်ကျေးရွာများနှင့် ဘင်္ဂါလီကျေးရွာ အချို့တွင်လည်း ကူးသန်းရောင်းဝယ်မှု ရပ်ဆိုင်းခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါတယ်။
ဗုဒ္ဓဘာသာအခြေခံနှင့် လူမျိုးရေးစိတ်ဓါတ် ပြင်းထန်သော ရခိုင်တိုင်းရင်းသား လူငယ်အချို့နှင့် အစ္စလာမ်ဘာသာရေး အခြေခံ ဘင်္ဂါလီလူမျိုးအချို့တို့၏ အပြန်အလှန် အနှောက်အယှက် ပြုမှုများသည် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် ပရဟိတဝန်ထမ်းများ၏ စားနပ်ရိက္ခာ ပြတ်လပ်သည့် ဒေသများသို့ ရိက္ခာဖြန့်ဝေမှုများကို နေ့စဉ်နှင့်အမျှ အနှောက်အယှက်ပြု ဟန့်တားလျက်ရှိသဖြင့် ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုမိုကြပ်တည်းသော အခြေအနေသို့ ဆိုက်ရောက်လျက် ရှိပါသည်။ ယင်းသို့သော အခက်အခဲကြားမှပင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (၄) လ ကာလအတွင်း ဆန်အိတ် (၁၀၈၀၀၀) ခန့်ကို လက်ဝယ်ရောက်ရှိအောင် ဖြန့်ဝေခဲ့ရပါတယ်။
ရခိုင်ပြည်နယ်၏ လက်ရှိအနေအထားကို သုံးသပ်ပါက လက်ရှိဖြစ်ပွားနေသည့်  လူမှုပဋိပက္ခ များ၏ အကျိုးဆက် အတိဒုက္ခများအပြင် မူလကပင် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း ( ၄၃.၅ %) ရှိပြီး ဒုတိယအများဆုံး ပြည်နယ် ဖြစ်နေခြင်း ၊ ၂၀၁၀ ခုနှစ်အတွင်း ဘူးသီးတောင်မြို့နယ်၌ ရေကြီးမှုနှင့် ဂီရိမုန်တိုင်း တိုက်ခတ်မှုခံစားရသော မြို့နယ်များမှ ဒုက္ခသည်စုစုပေါင်း (၂၈၉,၀၀၀) ခန့် ရှိနေခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဟာရချို့တဲ့သူ ( ၂၀၀, ၀၀၀)  ခန့် ရှိနေခြင်းတို့သည် ပကတိစိန်ခေါ်မှုအဖြစ် တည်ရှိနေပါတယ်။ ခြုံငုံသုံးသပ်ပါက ရခိုင်ပြည်နယ်ရှိ ပြည်သူ (၃၂)သိန်းခန့် အနက် ပြည်သူ ( ၆ )သိန်း (၁၉%)ခန့်မှာ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသည့် အခြေအနေ ဖြစ်ပါတယ်။ ယင်းဒုက္ခသည်များ အတွက်  အစိုးရနှင့် ပြည်သူများ ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားလုံးမှ စုပေါင်း၍ ညီညီညာညာ ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်မှသာ ဒုက္ခသည် ( ၆ )သိန်းခန့်၏ အသက်ရှင် ရပ်တည်ရေးကို ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ အမှန်တစ်ရပ်ကို  သုံးသပ်တွေ့ရှိရမည် ဖြစ်ပါတယ်။
၁၉၄၂ခုနှစ်ခန့် မှစတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် လူမှု ပဋိပက္ခ ဖြစ်စဉ်များမှာ စုစုပေါင်း ( ၇ )ကြိမ် ခန့် ရှိပြီ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖြစ်စဉ်များမှာ ယခင်ဖြစ်စဉ်များထက် ပိုမို ပြင်းထန်လာပြီး သာမန်လူမှုရေးဖြစ်စဉ်များမှ နိုင်ငံရေးဖြစ်စဉ် များသို့ ကူးပြောင်းအောင် ကြိုးပမ်း လှုံ့ဆော်မှုများ ပါဝင်လာသည်ကို တွေ့ရှိရပါတယ်။ လူမျိုးစုနှစ်စု အကြားရှိ မူလကပင်တည်ရှိနေသော လူမျိုး၊ ကိုးကွယ်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ကွဲပြားခြားနားမှုကို အခြေခံလျက် လူမှုရေးတံတိုင်း ခြားနားအောင် ပိုမို လုပ်ဆောင်ခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။
ယင်းကဲ့သို့ လူမျိုးစုနှစ်ခု၏ ကွဲပြားခြားနားမှုကို အခြေခံလျက် ပိုမို ကွဲပြားခြားနားအောင် တစ်ဖက်နှင့်တစ်ဖက် အသာစီးရအောင် ကြိုတင်စီမံ လုပ်ဆောင်နေကြသဖြင့်  ပဋိပက္ခဖြစ်စဉ်များဆီိသို့ ဦးတည်စေလျက် ရှိနေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ စင်စစ်အားဖြင့် ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကွဲပြားခြားနားသည့် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများကိုပင် နိုင်ငံ၏ ကြွယ်ဝသော စွမ်းအားအဖြစ် ပြောင်းလဲကာ အသုံးချနေသည့် သာဓကများကို သင်ခန်းစာ ရယူရမည်ဖြစ်ပါတယ်။ 
ရခိုင်ပြည်နယ်အတွင်းရှိ သာမန်ပြည်သူများ အနေဖြင့်မူ နိစ္စဓူဝ စားဝတ်နေရေး အဆင်ပြေရေး၊ အလုပ်အကိုင် ရရှိရေး၊ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်လိုသည့် သဘောဆန္ဒများသာ ရှိနေပြီး ပဋိပက္ခကြောင့် အတိဒုက္ခ ရောက်နေရသည့် အခြေအနေမှ လွတ်မြောက်အောင် အစိုးရမှ ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒများရှိနေကြောင်း တွေ့ရှိရပါတယ်။
လူမှုပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်းတရားများကို သုံးသပ်ရာတွင် သမိုင်းဖြစ်စဉ်နှင့် လူမျိုးရေးခံစားမှု၊ နိုင်ငံရေး အခြေအနေများ သာမက ပကတိမြေပြင် အခြေအနေနှင့် လူမှုစီးပွားရေးဘဝ အခြေအနေများသည်လည်း အရင်းခံအကြောင်းတရား ဖြစ်တည်မှုများအနေဖြင့် တွေ့ရှိရပါတယ်။ ပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်း တရားတွင် အောက်ပါ လူမှုစီးပွားရေး အချက်အလက်များက ပြဿနာ၏ အဓိက ရေသောက်မြစ်များ အဖြစ် တည်ရှိနေပါတယ်-
(က)
လမ်းပန်းဆက်သွယ်မှု ခက်ခဲ၍ အထီးကျန် သီးခြား တည်ရှိနေခြင်း။
(ခ)
ဆင်းရဲနွမ်းပါးမှု မြင့်မား၍ ပညာရေးနိမ့်ကျခြင်း။
(ဂ)
စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း။
စင်စစ်အားဖြင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဝ ဖြစ်ပါတယ်။ အနောက်နိုင်ငံများနှင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်း ဒေသနှင့် လည်းကောင်း၊ အာဆီယံနိုင်ငံများနှင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ နှင့် လည်းကောင်း ကူးသန်းရောင်းဝယ်မှု အခွင့်အလမ်းကောင်းများ ရှိနေပါတယ်။ မြန်မာနိုင်ငံသာမက တရုတ်နိုင်ငံနှင့် အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ် ပြည်နယ်များ ကပါ ရခိုင်ပြည်နယ် ဆိပ်ကမ်းထွက်ပေါက်များကိုအသုံးပြုရန် စိတ်ဝင်စားမှုအပေါ် မိမိတို့က ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာအောင် ဆောင်ရွက်ရမည် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင် စစ်တွေဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက် ဆိပ်ကမ်းတို့သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ ဆိပ်ကမ်းများအဖြစ် စတင် အသက်ဝင်လာတော့မည် ဖြစ်ပါတယ်။ အလားတူ သံတွဲလေဆိပ်၊ ကျောက်ဖြူ လေဆိပ်နှင့် စစ်တွေ လေဆိပ်များကိုလည်း နိုင်ငံတကာလေဆိပ်များ ဖြစ်လာအောင် အစီအမံများချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ မြန်မာနိုင်ငံကို ဖြတ်သန်းလျက် ဓါတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းများ သွယ်တန်းထားပြီး ၎င်းတို့နှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများ ဆောက်လုပ်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်မှုမှာ ပြည်မနှင့် သာမကအရှေ့အနောက် ကမ္ဘာ့နိုင်ငံများ၏ စင်္ကြံလမ်းကြောင်း အဖြစ် ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာမည် ဖြစ်ပါတယ်။
ကူးသန်းရောင်းဝယ်မှု ဗဟိုချက်ဖြစ်လာသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာပြီး ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖွံ့ဖြိုးလာမည့် အခြေအနေကောင်းကို ပိုင်ဆိုင်လျက် ရှိပါတယ်။
စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ ပညာရေး၊ လူမှုရေးအဆင့်အတန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ပြီးစည်ပင် သာယာဝပြောသော ပြည်နယ်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်။
သို့ရာတွင် ယင်းမျှော်မှန်းချက်များ၏ အဓိကသော့ချက်မှာ တည်ငြိမ်ရေး၊ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ ယင်းသည်လည်း လူမှုပဋိပက္ခများ ချုပ်ငြိမ်းမှသာ ဖြစ်ထွန်းနိုင်မည် ဖြစ်ပါတယ်။
ယနေ့ ကမ္ဘာသည် Globalization ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ခုလုံးသည် ရွာကြီးတစ်ရွာ သဖွယ် ဖြစ်တည်လျက် ရှိနေပါတယ်။ ကမ္ဘာ့တစ်နေရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် မှန်သမျှကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း၌ တစ်ကမ္ဘာလုံးသို့ အလျင်အမြန် ပြန့်နှံ့ စေလျက် ရှိပါတယ်။ မည်သည့် ဖြစ်စဉ်ကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့သည်ကို သတိပြုဖွယ်ရာ ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့ နိုင်ငံအားလုံးနှင့် ထိတွေ့ ဆက်ဆံနေရသည့် အားလျော်စွာ လူသားများနှင့် သက်ဆိုင်သောကိစ္စ အရပ်ရပ်တွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဖြေရှင်းလိုက်နာဆောင်ရွက်ရန် တာဝန် ရှိနေပါတယ်။ နိုင်ငံအများအပြားက လက်ခံကျင့်သုံးလျက်ရှိသော လူ့အခွင့်အရေးစံချိန် စံညွှန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်ရမည် ဖြစ်ပါတယ်။ ရခိုင်ဒေသတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးစု၏ အကျိုးစီးပွားကို ရှေးရှုရမည် ဖြစ်သော်လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာကွက်၍ ရှုမြင်ခြင်းမပြုဘဲ ပိုမိုကျယ်ပြန့်သော အမြင်တရားဖြင့် ရှုမြင်ပြီး မြန်မာနိုင်ငံနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံများအပါအဝင် လူသားအားလုံး၏ အကျိုးစီးပွားကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ လူမျိုးစုနှစ်ခုအကြားကွဲပြားခြားနားမှုအပေါ် အပြန်အလှန် နားလည်ရေး၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကိုလေးစားမှု၊ ပဋိပက္ခ အသွင်မဆောင်ရေးနှင့် သဟဇာတ ဖြစ်သော လူမှုအသိုက်အဝန်း ဖြစ်ထွန်းရေးတို့အတွက် အစိုးရနှင့်အတူ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးက လူမျိုးဘာသာမခွဲခြားဘဲ တန်းတူရည်တူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်နှင့် ရခိုင်ပြည်နယ်နှင့် ပြည်နယ်သူ ပြည်နယ်သားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်း များ ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။
မှကူးယူဖော်ပြပါသည်။
Welcome to My Blog

Popular Post

Blogger templates

Powered By Blogger

TEst2

Powered by Blogger.

Mengenai Saya

Pengikut

မြန်မာစံတော်ချိန်

- Copyright © မင်းသားချေ -Robotic Notes- Powered by Blogger - Designed by Johanes Djogan -